၆.၃.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ ဗင်နီဇွဲလားနိုင်ငံ ယာယီအာဏာပိုင်တွေက နှစ်နိုင်ငံအကြား သံတမန်နဲ့ ကောင်စစ်ဝန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ သဘောတူညီခဲ့ကြတယ်ဆိုတာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ခေါင်းဆောင်ဟောင်း မာရူဒိုကို နိုင်ငံအတွင်းဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပြီးနောက်မှာ အစိုးရသစ်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို အားပေးမြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ “ဤဆောင်ရွက်ချက်က ဗင်နီဇွဲလားမှာ တည်ငြိမ်မှုကို မြှင့်တင်ဖို့၊ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ဖို့ ပူးတွဲကြိုးပမ်းမှုတွေကို အထောက်အကူပြုလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင်ကြေညာချက်က “ကျွန်ုပ်တို့၏ ပါဝင်ဆောင်ရွက်မှုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော အစိုးရတစ်ရပ်ပေါ်ပေါက်ပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် အခြေအနေများ ဖန်တီးပေးဖို့ အဆင့်လိုက် လုပ်ငန်းစဉ်မှတစ်ဆင့် ဗင်နီဇွဲလားပြည်သူများ ရှေ့ဆက်တိုးတက်စေရေး ကူညီပေးဖို့ အာရုံစိုက်ထားတယ်”လို့ ဖော်ပြခဲ့ပါတယ်။
နှစ်နိုင်ငံအကြား လပေါင်းများစွာ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် အမေရိကန်ဟာ ဇန်နဝါရီလမှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီး ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုတာ အပါအဝင် ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ အပြောင်းအလဲများစွာကို စတင် ပြုလုပ်ခဲ့ပါတယ်။
မာဒူရို ဖမ်းဆီးခံရပြီးနောက် ရိုဒရီဂွက်ဇ်ရဲ့ ယာယီအစိုးရက နှစ်နိုင်ငံစလုံးမှာ သံတမန်အဖွဲ့တွေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ စိတ်ဝင်စားတာကို ပြသခဲ့ပြီး နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေးကို တဖြည်းဖြည်း ပြန်လည်စတင်ခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရက မတ်လ ၅ ရက်မှာ မျှဝေထားတဲ့ ကြေညာချက်တစ်စောင်မှာလည်း “ဗင်နီဇွဲလားအစိုးရသည် အပြန်အလှန်လေးစားမှု၊ နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနှင့် ကျွန်ုပ်တို့၏ ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံ၍ အပြုသဘောဆောင်သော ဆွေးနွေးမှု၏ အဆင့်သစ်ကို ရှေ့ဆက်သွားရန် ဆန္ဒရှိကြောင်း ထပ်မံအတည်ပြုပါသည်” လို့ ပြောကြားခဲ့ပါတယ်။
“ဤလုပ်ငန်းစဉ်က တစ်နိုင်ငံနှင့်တစ်နိုင်ငံ နားလည်မှုကို အားကောင်းစေပြီး အပြုသဘောဆောင်ကာ အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးအတွက် အခွင့်အလမ်းများ ဖွင့်လှစ်ပေးလိမ့်မည်ဟု ဗင်နီဇွဲလားက ယုံကြည်ကြောင်း ဖော်ပြပါသည်” လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။
Ref- CNA
