၆. ၃. ၂၀၂၆
Written by Nyein Kyaw
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ပေးနေသည့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး သုံးရက်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၁၀ ဝန်းကျင်နှင့် ဒီဇယ်ဈေးနှုန်း ကျပ် ၆၀ ဝန်းကျင် မြင့်တက်လာခဲ့သည်။
ကော်မတီမှ ထုတ်ပြန်ထားသော စက်သုံးဆီဈေးနှုန်းများအရ မတ်လ ၃ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၁၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၈၄၅ ကျပ်ဖြစ်သည်။


မတ်လ ၆ ရက် (ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၅၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၅၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၆၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၉၀၅ ကျပ် ဖြစ်သောကြောင့် ဓာတ်ဆီတစ်လီတာ ၁၁၀ ကျပ်မှ ၁၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄၅ ကျပ်မှ ၆၀ ကျပ် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀ ကျပ်ဝန်းနှင့် ဒီဇယ်တစ်လီတာ ကျပ် ၁၂၀ ကျော် မြင့်တက်ခဲ့ခြင်းလည်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူပို့ဆောင်ရာတွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရန် အသိပေးထားသည်။


သို့သော်လည်း ပြည်တွင်း၌ အရန်စက်သုံးဆီပမာဏ ရက် ၄၀ စာ ရှိခြင်းနှင့် ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ်ရောက်ရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိင်းဆောင်ရွက်ထားပြီးဖြစ်သောကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်စရာမလိုကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
လတ်တလောဖြစ်ပွားနေသည့်အခြေအနေများကြောင့် စက်သုံးဆီပြတ်တောက်မှု မရှိနိုင်သော်လည်း ကမ္ဘာလုံးဆိုင်ရာဖြစ်ပေါ်နေသည့် ကမ္ဘာ့ဈေးနှုန်းနှင့်အညီ စက်သုံးဆီဈေးနှုန်းများ ဖြစ်လာနိုင်စရာရှိနေကြောင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်ထွန်း၏ စက်သုံးဆီကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုတွင် ထည့်သွင်းပြောကြားထားသည်။
