၆.၃.၂၀၂၆
Written by Linn Eain
ပန်းခင်းစီမံချက်ဖြင့် စုစုပေါင်း လူဦးရေ ၁၁ သန်းကျော်ကို နိုင်ငံသားကတ်ပြားပြုလုပ်ပေးနိုင်ခဲ့ပြီး လူဦးရေ ၁၃ သန်းကျော်ကို UID နံပါတ်ထုတ်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နေပြည်တော်တွင် မတ် ၅ ရက်က ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုး ဖြစ်ထွန်းစေမည့်ဌာန၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားလုပ်ငန်းအနေဖြင့် ပြီးခဲ့သည့်ကာလများတွင် နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများနှင့် အသက်(၁၀)နှစ်ပြည့်နှင့် ပျောက်ပျက်၊ လဲလှယ်မိတ္တူလျှောက်ထားသူများအပါအဝင် ပန်းခင်းစီမံချက်ဖြင့် စုစုပေါင်းလူဦးရေ ၁၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း” အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ မဲစာရင်းတွင် အခြေခံအသုံးပြုမည့် အတည်ပြုလူဦးရေစာရင်းကို ပြုစုထုတ်ပြန်နိုင်ခဲ့ပြီး ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းခြင်းလုပ်ငန်းအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာကို နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခြေခံ အသုံးပြုနိုင်မည့် သန်းခေါင်စာရင်းဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆက်လက်ထုတ်ပြန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။


ဆက်လက်၍ e-ID စနစ်ဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား Biographic နှင့် Biometric Data များ ကောက်ယူပြီး Unique ID နံပါတ်တစ်ခုစီပေးသည့်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၁၃ သန်းကျော်ကို UID နံပါတ်ထုတ်ပေးဆောင်ရွက်ပြီးဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
ယင်းနောက် မကြာမီဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံနှင့်ပြည်သူအတွက် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ဦးစားပေးလုပ်ငန်းများကိုလည်း စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လက်ရှိလုပ်ငန်းစဉ်တစ်ခုချင်းအပေါ် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအမံများ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန်နှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
