၆ .၃ .၂၀၂၆
Written by Thiri
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ၂၆၀၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဇာတ်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲတော်ကို လာမယ့် မတ်လ ၂၇ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးမြို့ရဲ့ အထင်ကရ သမိုင်းဝင် စေတီတော်ကြီးဖြစ်တဲ့ ပဲခူးရွှေမောဓောစေတီတော်မြတ်ကြီးရဲ့ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်တာနဲ့ စေတီတော်ရဲ့ အတွင်းပိုင်း သံလုံး သံချောင်းတွေ ဆွေးမြ့ပျက်စီးစပြုနေတာတွေကိုလည်း ငလျင်ဒဏ်ခံနိုင်ရေး နည်းပညာအသုံးပြုကာ အကြီးစားပြင်ဆင်မှုတွေကို ဖေဖော်ဝါရီလကတည်းက စတင်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပဲခူးရွှေမော်ဓော စေတီတော်မြတ်ကြီးရဲ့ ဂေါပကအဖွဲ့ တာဝန်ရှိသူက “စေတီတော်ကြီးကို ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်းပြန်ကပ်လှူပူဇော်နေကြမို့ ဒီနှစ်လည်း ငါးနှစ်ပြည့်ပြီမို့ ရွှေသင်္ကန်းကပ်လှူတဲ့အခါ အကြီးစားပြင်ဆင်ဖို့တွေပါ လိုအပ်လာလို့ တိုင်းအစိုးရ ဝန်ကြီးချုပ်ကြီးကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့တာပါ။ ဘုရားပွဲအမီတော့ ပြင်ဆင်မှု မပြီးနိုင်ဘူး။ ငြမ်းတွေ ခွာလို့ မရသေးဘူးပေါ့။ လုပ်ငန်းစဉ်တွေ တော်တော်များများ မပြီးသေးပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ၂၆၀၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖွင့်ကို သံဃာတော် အပါး ငါးရာ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းမှုတွေလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘုရားပွဲဈေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ ခင်းကျင်းရာမှာလည်း ဘုရားကြီးရဲ့ မုခ်ဦး ၄ ခုစလုံးမှာ ခင်းကျင်းသွားမှာ ဖြစ်သလို ဗလာဇာတ်တွေနဲ့ စွမ်းဇာနည်၊ တင်မာင်ဆန်းမင်းဝင်း ပေါင်းကတဲ့ ဇာတ်အဖွဲ့၊ ဖိုးချစ် ဇာတ်သဘင်နဲ့ အောင်ဇဗ္ဗူ ဇာတ်အဖွဲ့ကြီးတို့ကလည်း ပါဝင်ကပြ ဖျော်ဖြေသွားကြမယ်လို့ သိရပါတယ်။
ဘုရားပွဲဖြစ်မြောက်ရေး တာဝန်ရှိသူက “မြို့ကို အနယ်နယ် အရပ်ရပ်က လာကြမယ့် ညအိပ် ညနေ ဧည့်သည်တွေအတွက်လည်း ဟိုတယ်၊ တည်းခိုခန်း ဈေးမတက်ရစေဖို့ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးထားသလို ဘုရားပေါ်နဲ့ စောင်းတန်းတွေမှာလည်း တည်းခိုဆောင်၊ လုံခြုံရေး၊ သန့်ရှင်းမှုရှိစေရေး စနစ်တကျ စီမံသွားမှာပါ။ အဓိက က ပွဲပြီးသွားရင် ပျက်စီး ညစ်ပတ် ကျန်မနေဖို့က အဓိကမို့ အဲဒီအပိုင်းကို သေချာစီမံထားပါတယ်” လို့ ပြောပါတယ်။
ဘုရားပွဲတော်အတွင်း အရက်သေစာ ရောင်းချခြင်း၊ သောက်သုံးခြင်းကို ကန့်သတ်ထားသလို အခကြေးငွေ အလျော်အစားနဲ့ လောင်းကစားလုပ်ငန်းတွေကိုလည်း လုံးဝခွင့်မပြုထားကြောင်း စီစဉ်သူတွေထံကနေ သိရှိရပါတယ်။
