နေမိုး
၆. ၃. ၂၀၂၆
ခင်ပွန်းသည်က PDF ဖြစ်သလို အသက် ၃ နှစ်အရွယ် ရင်သွေးငယ်လည်းရှိတဲ့ သားသည်မိခင် မွတ်စ်လင်မ် PDF မကို NUG ဩဇာခံ ယင်းမာပင်တပ်ရင်း (၂၀) တပ်ရင်းမှူးက ဦးဆောင်ပြီး ရိုက်နှက် နှိပ်စက် မုဒိမ်းကျင့်မှုဖြစ်စဥ် ချက်ချင်းဖြေရှင်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကောင်စီက ထုတ်ပြန်တောင်းဆိုလာပါတယ်။

ဒီဖြစ်စဥ်ကို စတင်ဖော်ထုတ်သူဟာ CDM ကျောင်းဆရာဟောင်း ဖြိုးဝေအောင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ မုဒိမ်းကျင့်ခံရတဲ့ မွတ်စ်လင်မ် PDF မရဲ့ မိခင်ထံကို ယင်းမာပင်တပ်ရင်း (၂၀) ရဲ့ တပ်ရင်းမှူး ရန်ရှင်းအောင်က “ခင်ဗျားသမီး မုဒိမ်းကျင့်ခံရတယ်”လို့ အသိပေးလာတဲ့ မက်ဆေ့ချ်နဲ့ နှိပ်စက်ထားပုံတချို့ ချပြလာတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှာ ကျူးလွန်ခံရတဲ့ မွတ်စ်လင်မ် PDF မဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ တပ်ရင်းကမသိဘဲ အလှူခံတာကြောင့် ယင်းမာပင်တပ်ရင်း (၂၀) ဒုတပ်ရင်းမှူးက ဆံပင်ဆွဲပါးရိုက်ပြီး တပ်ရင်းမှူး ရန်ရှင်းအောင်က ပါးစပ်အဝတ်စို့ တုတ်နဲ့ရိုက်တဲ့အပြင် ညဘက်မှာ အချုပ်ခန်းကထုတ်၊ လက်ပြန်ကြိုး တုပ်ပြီး ပါးစပ်အဝတ်စို့မုဒိမ်းကျင့်ခဲ့ကြတယ်လို့ဆိုပါတယ်။ ယင်းမာပင် တပ်ရင်း (၂၀) က ဒီလို ကျုးလွန်အပြီးမှာ ဗိုက်မကြီးအောင် အရက်နဲ့ ကျားခုနစ်ကောင်ဆေးတွေလည်း တိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်ကို မြန်မာနိုင်ငံဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကောင်စီက ရှုတ်ချကြောင်း၊ မုဒိမ်းကျင့်ခံ PDF မနဲ့ ကလေး၊ မိသားစုကို ကာကွယ်ပေးဖို့၊ ကျူးလွန်တဲ့ တပ်ရင်းမှူးအပါအဝင်အားလုံးကို လက်နက်ဖြုတ်သိမ်း အရေးယူဖို့ NUG ကို တောင်းဆိုထားပါတယ်။

MT News ရဲ့ သတင်းမှတ်တမ်းတွေအရ NUG ရဲ့ PDF တွေက လူသိရှင်ကြား ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှု ဆယ်မှုအထက် ရှိနေပြီး တစ်မှုကိုမှ NUG က ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခဲ့တာ မရှိပါဘူး။
