
၅. ၃. ၂၀၂၆
Written by Nyein Kyaw
လွှတ်တော်အစည်းအဝေးများ စတင်တော့မည်ဖြစ်၍ လွှတ်တော်ဝင်းလုံခြုံရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်များကို ပြီးပြတ်အောင်ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည်။
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း ၃ ပိုင်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်သူလူထုကိုယ်စားပြု ရွေးချယ်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပရန် လွှတ်တော်အလိုက် ရက်သတ်မှတ် ခေါ်ယူပေးခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် လွှတ်တော်ဝင်းလုံခြုံရေးနှင့် စပ်လျဉ်း၍ လုံခြုံရေးအရ ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်များကိုလည်း ပြီးပြတ်အောင် ဆောင်ရွက်သွားရန်၊ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ရုံးအသီးသီးနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားသည်။
လွှတ်တော်အစည်းအဝေးများတွင် အသုံးပြုမည့် ရုပ်/သံရိုက်ကူးရေးဆိုင်ရာစနစ်များနှင့် စက်ပိုင်းဆိုင်ရာစနစ်များ ကောင်းမွန်မှုရှိစေရန် အမြဲစမ်းသပ်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ကြရန်၊ လွှတ်တော်အဆောက်အဦ ပြင်ဆင်သည့် လုပ်ငန်းများကိုလည်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားသည်။
ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက လိုအပ်သည်များကို ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားသည်။
မကြာမီကျင်းပမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာများအနေဖြင့် လွှတ်တော်တွင်း သတင်းရယူရေးနှင့် စပ်လျဉ်းသည့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးတာဝန်ယူ၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်းတို့ ပူးပေါင်း ဆောင်ရွက်ရန်နှင့် Media Corner များ စနစ်တကျထားရှိရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားသည်။
