



၁၁. ၂. ၂၀၂၆
Written by Nyein Kyaw
ပြည်ပမှ လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုအတွက် အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပြန်ကြေညာချက်အရ လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ တင်သွင်းလာသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူအသုံးပြုသော အထူးလုပ်ငန်းသုံးယာဉ်များနှင့် စည်ပင်လုပ်ငန်းသုံးယာဉ်များ၊ ယန္တရားများနှင့် အဆိုပါယာဉ်၊ ယန္တရားများနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်နှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်ပါရှိသည့် ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုည ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်သွားမည်ဖြစ်သည်။
အမိန့်ကြော်ငြာစာပါ အထူးလုပ်ငန်းသုံးယာဉ်များနှင့် စည်ပင်လုပ်ငန်းသုံးယာဉ်များဆိုသည်မှာ Crane Lorry (Truck)၊ Mobile Drilling Derrick Lorry (Truck)၊ Concrete mixer Lorry (Truck)၊ Motor Breakdown Lorry (Truck)၊ Lorry (Truck) Fitted with Ladder or Elevator Platform၊ Mobile Clinic (Medical or Dental)၊ Outside Broadcast Van၊ Mobile Laboratory၊ Mobile Bakery၊ Mobile Bank, Travelling Library and Mobile Showroom၊ Bitumen Distributor Truck၊ Lorry Truck) Used for Cleansing Streets၊ Lorry (Truck) Cesspool Emptier၊ Spraying Lorry (Truck) တို့ဖြစ်သည်။
အမိန့်ကြော်ငြာစာပါ ယန္တရားများဆိုသည်မှာ Excavator၊ Bulldozer၊ Wheel Loader၊ Vibratory Roller၊ Clamp Loader၊ Motor Grader၊ Road Roller Compactor၊ Bridge Crane၊ Gantry Crane၊ Tower Crane၊ Piling Machine၊ Crawler Drill/Crawler Crane၊ Overhead Travelling Crane၊ Mobile Crane၊ Rough-Terrain Crane၊ Forklift၊ Boom Lift၊ Asphalt Finisher၊ Angledozer၊ Stacking Machine (Rack Stacker)၊ Stacking Machine (Reach Stacker)၊ Scraper၊ Tamping Machine၊ Coal or Rock Cutter၊ Mechanical Shoval၊ Self-propelled shoval loader၊ Well Sinking or boring Machine၊ Loader Transporter တို့ဖြစ်သည်။
အမိန့်ကြော်ငြာစာပါ အထူးလုပ်ငန်းသုံးယာဉ်များနှင့် စည်ပင်လုပ်ငန်းသုံးယာဉ်များ၊ ယန္တရားများ၏ ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများဆိုသည်မှာ Traction Battery Pack၊ Electric Traction Motor၊ Battery Management System (BMS)၊ Drive Control Unit (DCU)၊ DC-DC Converter၊ Electrical Circuit Breaker For EV or Disconnect Parts၊ Charge Port၊ Portable EV Charger၊ On-board Charger၊ Power Inverter၊ EV Connectors၊ High Voltage Harness၊ Controller၊ Battery Cooling System (Thermal)၊ Charging Cable၊ Charging Adapters တို့ဖြစ်သည်။
အထက်ဖော်ပြပါ ကုန်ပစ္စည်းများ တင်သွင်းလာပါက MACCS စနစ်၌ ကြေညာလွှာတင်သွင်းရာတွင် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် ပါရှိသည့် HS CODE များ အလိုက် အကောက်ခွန်နှုန်းသုည ရာခိုင်နှုန်းလျှော့ချခံစားနိုင်စေရန်အတွက် ဖော်ပြထားသော Exemption Code ဖြစ်သည့် EBVD – EXEMPTION-BATTERY EV (MINISTRY) ကို အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ကင်းလွတ်ခွင့်ရယူနိုင်ကြောင်း အသိပေးထားသည်
ယခုကြေညာချက်နှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက MACCS ဌာနခွဲ၏ Help Desk Section (ဖုန်း 01-379429) နှင့် ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
