၁၁.၂.၂၀၂၆
Written by Thiri
ဒီနေ့မနက် အစောပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရန်ကုန် – ညောင်တုန်း လမ်းမပေါ်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ယာဉ်တိုက်ပြေးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ရုံးရှေ့မှတ်တိုင်အနီးက ရန်ကုန်-ညောင်တုန်းလမ်းမပေါ်မှာ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး ဦးခေါင်းကွဲကြေဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ရုပ်အလောင်းလာရောက်ရှင်းလင်း သယ်ဆောင်ပေးဖို့ လှိုင်သာယာကွန်ရက်ထဲက လူမှုကူညီရေးအသင်းတွေထံ သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြောင်းကြားခေါ်ယူခဲ့တာလို့ သိရပါတယ်။


လှိုင်သာယာ ပရဟိတကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော့်ဆီ သတင်းဝင်လာတာက ၆ နာရီလောက် ဆိုတော့ တိုက်သွားတာက ၅ နာရီ ၅ နာရီခွဲလောက် ဖြစ်မယ်။ သေဆုံးသူက အသက် ၃၀ ဝန်းကျင်ပါပဲ။ ဟိုတယ် ယူနီဖောင်းဝတ်ထားတယ်။ မိသားစုနဲ့လည်း ဆက်သွယ်လို့ ရပါပြီ” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကရုဏာတွဲလက်လူမှုကူညီရေးအသင်းယာဉ်နဲ့ လှိုင်သာယာပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
