◾️ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအပြင် အဆင့်တိုးမြှင့်ပေးခြင်းများဖြင့်ပါ ဂုဏ်ပြုသွားမည်ဖြစ်






၁၁. ၂. ၂၀၂၆
Written by Nyein Kyaw
၁၉ ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသည့် တပ်မတော်သား အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် အားကစားဆောင်ပုဒ်နှင့်အညီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် မိမိတို့တွင်ရှိသည့် စွမ်းအားကိုယ်စီကို အသုံးချပြီး နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် ဆုရအားကစားသမားများ၊ ပြိုင်ပွဲတွင် အကောင်းဆုံးလမ်းညွှန်မှုပေးခဲ့ကြသည့် နည်းပြများနှင့် အသင်းအုပ်ချုပ်သူအဖွဲ့ဝင်များ အားလုံးကို မိမိအနေဖြင့်ဝမ်းမြောက် ဂုဏ်ယူသည်ကို အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် တပ်မတော်သား ၁ ဦး ပါဝင်သည့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အသင်းလိုက်ရွှေတံဆိပ် ၁ ခု ရရှိခဲ့ကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မိမိတို့နိုင်ငံအနေဖြင့် အားကစားနည်း ၃၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် တပ်မတော်သားအားကစားသမားများက အားကစားနည်း ၄ မျိုးတွင် ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၅ ခုရရှိအောင် ပါဝင်စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ တပ်မတော်သား နည်းပြများအနေဖြင့်လည်း လှေလှော်၊ အလေးမ၊ လက်ဝှေ့၊ ဝူရှူး၊ နပန်း စသည့် အားကစားနည်းများတွင် ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁၀ ခုရရှိအောင် စွမ်းဆောင် ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အပြင် ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်လည်း အားကစားနည်း ၁၉ မျိုး ထည့်သွင်း ကျင်းပခဲ့သည့်အနက် တပ်မတော်သားအားကစားသမားများသည် ပြေးခုန်ပစ်၊ ထိုင်လျက် ဘော်လီဘော၊ ဘောလုံး၊ ဂိုးလ်ဘောအားကစားနည်းများတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၃ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အားကစားသမားများနည်းတူ တပ်မတော်သား နည်းပြများကလည်း ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၄ ခု ရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဆုတံဆိပ်များ ရရှိခဲ့ကြခြင်းသည် နိုင်ငံတော်အတွက်သာမက တပ်မတော်အတွက်ပါ ဂုဏ်ယူစရာကောင်းလှသည့် စွမ်းဆောင်မှုများပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ အားကစားသမိုင်းမှတ်တမ်းသည် တစ်ချိန်က အာရှအဆင့်သာမက ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို တွေ့ရှိနိုင်ကြောင်း၊ မြန်မာ့အားကစား အောင်မြင်မှုအခန်းကဏ္ဍကို လေ့လာကြည့်ပါက တပ်မတော်သားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ချက် သမိုင်းပုံရိပ်များသည်လည်း ပြည်တွင်းမှာသာမက ထင်ထင်ရှားရှား ရှိနေဆဲပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံတကာပြိုင်ပွဲများ၌ပါ အောင်မြင်မှုများစွာရရှိခဲ့သည့် တပ်မတော်သားများ၏ သမိုင်းမှတ်တမ်းကောင်းများကို ယနေ့ထက်တိုင် မော်ကွန်းရေးထိုးထားလျက်ရှိကြောင်း၊ တစ်ချိန်က မြန်မာ့ဘောလုံးအသင်း၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများတွင် ပါဝင်ခဲ့သည့် တပ်မတော်သားများ၏ အစွမ်းအစများသည် ယနေ့ထက်တိုင် ဂုဏ်ယူဝံ့ကြွားစွာ ပြောစမှတ်တွင်နေဆဲပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ယနေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသည့် တပ်မတော်သား အားကစားသမားများနှင့် နည်းပြများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအပြင် အဆင့်တိုးမြှင့်ပေးခြင်းများဖြင့်ပါ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
