

၁၁.၂.၂၀၂၆
Written by Thiri
ကန်စွန်းရွက်ခူးရင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ဖေဖော်ဝါရီ ၁၁ ရက် ညနေက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ထာဝရအလင်းတန်း လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာက မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက် ၊ စပယ်(၁)လမ်းထိပ်၊ ခြောက်ကွေ့(CNG)ဂက်စ် ဆိုင်နောက်က ကန်စွန်းခင်းမှာ အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး ကန်စွန်းခူးရင်း ရေနစ် သေဆုံးခဲ့တာလို့ သိရပါတယ်။
ရုပ်အလောင်းဆယ်ယူခဲ့တဲ့ ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းဥက္ကဋ္ဌက”သူတို့က ကန်စွန်းအငှားခူးသူတွေပါ။ ရေထဲမှာ ပိုးထိတာမျိုးမဟုတ်ပါဘူး။ ဆေးရုံရောက်လို့ စစ်ဆေးတော့ ဘာဒဏ်ရာမှ မရှိဘူး။ သူ့ဘော်ဒီကို ဆယ်တဲ့အချိန် ဘော်ဒီက ကန်စွန်းပင်တွေအောက် ရောက်နေတာ ရေပေါ် ပေါ်မနေဘူး။ သူ့မိသားစုကပြောပြတာတော့ သေဆုံးသူက မကြာခဏ ကြွက်တက်တဲ့ ဝေဒနာ ဖြစ်လေ့ရှိတယ် ပြောပြတယ်။ ရေက ငါးပေအထက် ရင်စို့ရောက်နေတော့ ခူးနေရင်း ကြွက်တက်တယ်လို့ တွေးလို့တော့ရတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး ရင်ခွဲစစ်ဆေးတာတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ထာဝရအလင်းတန်းပရဟိတအသင်းပိုင်ယာဉ်နဲ့ မေဓာဝီဆေးရုံဆီ အခမဲ့ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
