◾ ခွင့်ပြုလက်မှတ်လျှောက်ထားခြင်းမရှိဘဲ ဖွင့်လှစ်ထားတာကို စစ်ဆေးတွေ့ရှိပါက တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄၂ အပိုဒ်(ခ)အရ တရားစွဲဆိုခံရမယ်လို့ အသိပေးကြေညာ

၁၁.၂.၂၀၂၆
Written by thiri
တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်း(အထွေထွေရောဂါကု၊ အထူးကု၊ ဆေးရုံ)များအတွက် ခွင့်ပြုလက်မှတ်မရှိသေးသူများ ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နိုင်ငံပိုင် သတင်းစာကနေ တစ်ဆင့် ထပ်မံအသိပေး တိုက်တွန်းပါတယ်။
တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းတွေ သက်တမ်းတိုးခြင်းနဲ့ အသစ်ဖွင့်လှစ်ခြင်းတို့ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွင့်ပြုပေးနေပြီဖြစ်ကာ ခွင့်ပြုလက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထားကာ လာရောက်လျှောက်ထားကြဖို့နဲ့ ခွင့်ပြုလက်မှတ်လျှောက်ထားခြင်းမရှိဘဲ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းတွေ ဖွင့်လှစ်ထားတာကို စစ်ဆေးတွေ့ရှိပါက ထုတ်ပြန်ထားတဲ့ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄၂ အပိုဒ်(ခ)အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်ကို “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး”ဥပဒေပုဒ်မ ၅၅ ပုဒ်ပခွဲ(ဂ)အရ အတည်ပြုထုတ်ပြန်ပြီးဖြစ်တာကြောင့် နေပြည်တော်ကောင်စီနယ်မြေ/တိုင်းနှင့်ပြည်နယ်အသီးသီးမှာရှိတဲ့ တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းတွေက လျှောက်ထားမှုတွေကို လုပ်ငန်းစိစစ်ရေးအဖွဲ့မှစိစစ်နေပြီဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်မှုကော်မတီမှ အတည်ပြုကာ ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ဖို့လည်း အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးထားပါတယ်။
တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့် သက်ဆိုင်တဲ့ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ချင်တဲ့ ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းဟာ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းမှ ခွင့်ပြုလက်မှတ်ရရှိဖို့ သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးဆီ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ့လာရောက်လျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်လွှာပုံစံမှာ လုပ်ငန်းလိပ်စာ၊ အဆောက်အအုံမြေနေရာအကျယ်အဝန်း၊ အတွင်းခန်းများရဲ့ ရောင်စုံဓာတ်ပုံ၊ ကြီးကြပ်ဆောင်ရွက်သူစာရင်းနှင့် ကိုယ်ရေးအချက်အလက်များ၊ ဝန်ထမ်းစာရင်းနှင့်အတူ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်းခံတဲ့ အခြားစာရွက်စာတမ်းအထောက်အထားများ ပူးတွဲပါဝင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်မယ့်အကြောင်း ကတိဝန်ခံချက်လည်း ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
Photo : Internet
