သက်တံ့
၁၁. ၂. ၂၀၂၆
တရုတ်တိုင်ပေမြို့၊ ဝမ်ရှန်း (Wenshan) ရပ်ကွက်ရှိ မူကြိုကျောင်းတစ်ခုကို လေသေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးအား တရားရုံးအမိန့်အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က မနေ့က (ဖေဖော်ဝါရီ ၁၀ ရက်) သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်တွင် သံသယရှိသူမှ ဟွမ် (Huang) ဟု အမည်ရသည့် အမျိုးသားဖြစ်ပြီး အဆိုပါမူကြိုကျောင်းအနီးတွင် နေထိုင်သူဖြစ်သည်။ ဟွမ်သည် ကလေးငယ်များ ဆူညံသည့်အသံကို စိတ်အနှောင့်အယှက်ဖြစ်ရာမှတစ်ဆင့် ပြီးခဲ့သည့်လကုန်ပိုင်းတွင် ကျောင်းသို့ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစပိုင်းတွင် ဟွမ်သည် အဆောက်အအုံ၏ အပြင်ဘက်နံရံများကိုသာ ပစ်ခတ်ခဲ့သဖြင့် မည်သူမျှ သတိမထားမိခဲ့ပေ။ သို့သော် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျောင်းဝန်ထမ်းများက ပြတင်းပေါက်မှန်များနှင့် ရေပိုက်များ ပျက်စီးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေးပြီး အထောက်အထားများ စုဆောင်းခဲ့ပြီးနောက် ဟွမ်ကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ကာ ပြီးခဲ့သည့်အပတ်က ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့သည်။ စီးနင်းမှုအတွင်း လေသေနတ် ၃ လက်၊ သံကျည်ဆံ (Pellets) ၂ ပုလင်း၊ BB ကျည်ဆံ ၁ ဘူး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် တက်ဘလက် ၁ လုံးကို သိမ်းဆည်းရမိခဲ့သည်။
ဟွမ်က ၎င်းအနေဖြင့် ဆူညံသံကိစ္စနှင့်ပတ်သက်၍ မူကြိုကျောင်းနှင့် အငြင်းပွားမှုများ အမြဲတစေရှိခဲ့ကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်များထံ တိုင်ကြားသော်လည်း ပြဿနာကို ဖြေရှင်းမပေးနိုင်သဖြင့် ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများကို လုပ်ဆောင်ချက်ကောင်းမွန်မှု ရှိ၊ မရှိနှင့် အန္တရာယ်ရှိနိုင်ခြေ အဆင့်အတန်းကို သိရှိနိုင်ရန် မှုခင်းဆေးစစ်ချက် (Forensic examination) ရယူရန် ပေးပို့ထားသည်။ ဟွမ်ကို ထိုင်ပေခရိုင် အစိုးရရှေ့နေရုံးသို့ လွှဲပြောင်းပေးခဲ့ပြီး ရှေ့နေရုံးက နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ၎င်းအား ဖမ်းဆီးချုပ်နှောင်ထားခွင့်ကို တရားရုံးသို့ အောင်မြင်စွာ လျှောက်ထားနိုင်ခဲ့သည်။
Ref : Taipei Times
