သက်တံ့
၁၁. ၂. ၂၀၂၆
လူပေါင်း ၅၀ ခန့် လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီးသည် အင်္ဂါနေ့ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်) က ဆိုမာလီနိုင်ငံ၏ အဓိကလေဆိပ်တွင် အရေးပေါ်ဆင်းသက်စဉ် ပြေးလမ်းချော်ကာ အနီးရှိ ကမ်းခြေသို့ ရောက်ရှိသွားခဲ့သည်။ အဆိုပါလေယာဉ်သည် ပျံတက်ပြီးနောက် မကြာမီမှာပင် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဆိုးရွားစွာပျက်စီးမှုနှင့် ခရီးသည်အချို့ ဒဏ်ရာရခဲ့သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။
ဆိုမာလီနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး အာမက်မိုလင် (Ahmed Moalim) က ဒေသတွင်းသတင်းဌာနများသို့ ပြောကြားရာတွင် အဆိုပါလေယာဉ်သည် မိုဂါဒစ်ရှူးမြို့ရှိ အေဒင်အဗ္ဗဒူလေ (Aden Abdulle) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြောက်ပိုင်းမြို့ဖြစ်သော ဂယ်လ်ကာယို (Gaalkacyo) သို့ ပျံသန်းရန် ထွက်ခွာလာခြင်းဖြစ်သည်။
လေယာဉ်သည် ပျံတက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် ပြဿနာစတင်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့အတွက် လေယာဉ်ကို လေဆိပ်သို့ ပြန်လည်ဆင်းသက်ရန် ကြိုးပမ်းစဉ် ပြေးလမ်းပေါ်မှ ချော်ထွက်သွားကာ အနီးရှိ အိန္ဒိယသမုဒ္ဒရာ ကမ်းစပ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု မစ္စတာ မိုလင်က ပြောကြားခဲ့သည်။
လေယာဉ်သည် Starsky Aviation က ပိုင်ဆိုင်သည့် Fokker 50 အမျိုးအစားဖြစ်ပြီး ကနဦးမြင်ကွင်းများအရ လေယာဉ်၏ တောင်ပံတစ်ဖက်မှာ ကိုယ်ထည်က ပြတ်ထွက်သွားသည်ကို တွေ့ရသလို လေယာဉ်၏ဦးခေါင်းပိုင်းနှင့် အင်ဂျင်ပိုင်းများလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။ ဖြစ်စဉ်အတွင်း ခရီးသည်နှင့် အမှုထမ်းအချို့ ထိခိုက်ဒဏ်ရာရသည်ဟု ကနဦးသိရပြီး သေဆုံးသူမရှိဟုလည်း သိရသည်။
အဆိုပါဖြစ်စဉ်အပေါ် ပိုင်ဆိုင်သည့် Starsky Aviation ကမူ တစ်စုံတစ်ရာ ချက်ချင်းထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ အာဏာပိုင်များက ယခုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
Ref : The Hindu
