၁၁.၂.၂၀၂၆
Written By Min Thet
ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ရပ်ထားသည့်ကားကို နောက်ကဝင်တိုက်မိ၍ မြန်မာနိုင်ငံသားနှစ်ဦးသေဆုံးမှု ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၇ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။
မဲဆောက်မြို့၊ အာရှလမ်းမကြီးအတိုင်း ထိုင်း-မြန်မာ အမှတ် (၁) တံတားဘက်သို့ ဦးတည်မောင်းနှင်လာသည့် မြန်မာနိုင်ငံသားနှစ်ဦးလိုက်ပါလာသော တိုယိုတာ Avanza ကားက မဲဆောက်မြို့ Lotus ကုန်တိုက်အနီးရှိ ဟိုက်ယက်အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ ၌ရပ်ထားသည့် ကုန်တင်ကားကို နောက်က ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် တိုယိုတာ Avanza ကားပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် ကိုမျိုးမင်းဦးနှင့် မခင်နှင်းဝေတို့နှစ်ဦးမှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သောကြောင့် သေဆုံးသူရုပ်အလောင်းများနှင့် ဒဏ်ရာသူတို့အား မဲဆောက်မြို့ ဖိထပ်ကန်လူမှုကူညီရေးအသင်းက မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။




