MT News
၁၁. ၂. ၂၀၂၆
မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့အကြား သံရုံးများအပြန်အလှန်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒို မာတင်ကယ်လီရို အက်စကို စီယာနှင့် ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သံရုံးများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒိုမာတင်ကယ်လီရို အက်စကို စီယာနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများအပြန်အလှန် ဖွင့်လှစ်နိုင်ရေး၊ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး အပါအဝင် မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးတို့ အပေါ် ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
