၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီခွဲကနေပြည်တော်ရှိ MICC – 1 ကျောက်စိမ်းခန်းမမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ရုပ်ရှင်လောကသားတွေအတွက် သန်လျင်ကမြေ ၁၀ ဧကနဲ့ ပြင်ဦးလွင်က မြေ ၂၀ ဧကကျန်ရှိနေတဲ့မြေတွေကို လုပ်ပိုင်ခွင့်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက တောင်းခံခဲ့ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးဟာ NGO အဖွဲ့အစည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း လုပ်လို့မရပါဘူး။ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေ၊ စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေတာပါ။ နိုင်ငံတော်ကလည်း အခါအခွင့်သင့်သလို လုပ်ဆောင်ပေးခဲ့ပါတယ်။ တခြားအဖွဲ့အစည်းမှာ လူမျိုးစုံအလွှာအသီးသီးက ပါဝင်ကြတာများပါတယ်။ အနယ်နယ်အရပ်ရပ် ရုပ်ရှင်ကြည့်ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဖျော်ဖြေလုပ်ငန်းမို့ လူချစ်လူခင်လည်း များကြပါတယ်။ စီးပွားရေးကောင်းတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးမှာ ပိုက်ဆံမရှိပါဘူး။ အရပ်ပိုင်းဆိုင်ရာ ပူပေါင်းထားတာမို့ အားသာချက်တွေလည်း ရှိပါတယ်။ အခက်အခဲတွေဖြစ်ရင် စင်ပေါ်တက်တောင်းတယ်လို့ ပြောခံရပါတယ်။ ကျွန်တော့်အတွက် ဘာမှမတောင်းခဲ့ပါဘူး။ တချို့ထင်ကြမှာပါ ရုပ်ရှင်အစည်းအရုံး လုပ်တဲ့သူတွေဟာ ကားပါမစ်တို့၊ မြေပါမစ်တို့ ဘာတွေညာတွေ ရမယ်ထင်ကြပါတယ်။ ဒီနေ့ ၂၀၂၁ စတင်လုပ်ဆောင်ကတည်းက ကျွန်တော်ဘာမှ အခွင့်ထူးခံတာမရှိပါဘူး။ တတ်နိုင်သမျှ ပရဟိတစိတ်နဲ့ လုပ်ဆောင်ခဲ့တာပါ။ မြေကိစ္စပြောရင် ဘဝင်မကျပေမယ့် အဲဒီ ၁၀ဧက၊ ဧက ၂၀၊ ဧက ၂၀၀ ရထားပေမယ့်။ ဧက ၂၀၀ ကတော့ လုပ်ပိုင်ခွင့်ရသွားပါပြီ။ မြေဧက ၂၀ နဲ့ မြေဧက ၁၀ တို့က အခုထိ ဂရန်မရသေးပါဘူးဗျာ။ ကျွန်တော်တို့လည်း မလုပ်တတ်လို့ မလုပ်ရသေးပါဘူး။ ကျွန်တော်တို့ တောင်းတယ်၊ တောင်းတယ်ဆိုတာကလည်း ကျွန်တော့်အတွက်မတောင်းဘူး။ သီးခြားအုပ်စုအတွက်လည်း မတောင်းပါဘူး။ လောကသားအတွက်ကတော့ ကျွန်တော်တောင်းပါတယ်။ ကျွန်တော့်ရဲ့ လူမှုရေး ကိစ္စတောင်းခဲ့တာမဟုတ်ပါဘူး။ ဧက ၂၀၀ လုပ်ကိုင်ခွင့် နှစ် ၃၀ ရသွားပါပြီ။ လောကသားအတွက်တော့ တောင်းပါရစေ”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ယာယီသမ္မတနဲ့ ဇနီးတို့တက်ရောက်လာချိန်မှာ ဦးကြည်စိုးထွန်းက ဖွင့်ဟပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ကူညီထောက်ပံ့မှုကြောင့် ရန်ကုန်တိုင်း လှည်းကူးမှာ မြေဧက ၂၀၀ ပေါ်မှာ ရုပ်ရှင်မြို့တော်ကြီးကို တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေလျက်ရှိကြောင်း သိရပါတယ်။ ရုပ်ရှင်အစည်းအရုံးက သန်လျင်မှာ မြေ ၁၀ ဧကနဲ့ ပြင်ဦးလွင်မှာမြေ ၂၀ ဧကရှိခဲ့တာလည်းဖြစ်ပါတယ်။
