၇. ၂. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းတွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ တက်ရောက်ချီးမြှင့်လျက်ရှိသည်။
ယာယီသမ္မတနှင့် ဇနီးတို့သည် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ တက်ရောက်ချီးမြှင့်ရန် ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် အခမ်းအနားကျင်းပရာ နေပြည်တော်ရှိ MICC-1 ခန်းမသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ” တွင် ရွှေစင်ရုပ်တုနှင့် ရွှေစင်ကြယ် ငါးကျပ်သားကို နိုင်ငံတော်အစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ အကုန်ကျခံ ပေးအပ်သွားမည်ဖြစ်သည်။
ယခုနှစ် အကယ်ဒမီဆုပေးပွဲအား ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲကဲ့သို့ ဖျော်ဖြေရေးအပိုင်းများ ထည့်သွင်းသွားမည့် မဟုတ်ကြောင်းနှင့် ပွဲအချိန် သွက်လက်အောင် စီစဉ်ထားကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် ယခင်ကျင်းပနေကြအတိုင်း မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကို ဆုပေါင်း ၁၁ ဆု သို့မဟုတ် အထူးဆုအပါအဝင် ဆုပေါင်း ၁၂ ဆုချီးမြှင့်မှာဖြစ်သလို ရုပ်ရှင်တစ်သက်တာဆုနှင့် ဖက်ရှင်နှင့် ပတ်သက်ပြီး Myanmar Academy Fashion Award ဆုများကို ပေးအပ်သွားမည်လည်းဖြစ်သည်။
