သက်တံ့
၇. ၂. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ မသျှူရာဒေသရှိ ယမုနာအမြန်လမ်းမပေါ်တွင် ရပ်ထားသော အဝေးပြေးဘတ်စ်ကားတစ်စင်းကို ကွန်တိန်နာတင် ကုန်တင်ကားတစ်စင်းက ဝင်တိုက်မိရာ ဘေးတွင်ရပ်နေသည့် ခရီးသည်များကိုပါ ကြိတ်မိခဲ့သဖြင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ စနေနေ့ (ဖေဖော်ဝါရီ ၇ ရက်)၊ နံနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်အချိန်က ယမုန်နာအမြန်လမ်းမပေါ်ရှိ Sureer ရဲစခန်းနယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၆ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်ရပ်အပေါ် မသျှူရာ ရဲမှူးကြီး Shlok Kumar က နွိုက်ဒါမှ ကန်ပူဒီဟတ်သို့ မောင်းနှင်လာသော အဝေးပြေးခရီးသည်တင်ဘတ်စ်ကားသည် ခရီးသည်များ ကိုယ်လက်သန့်စင်ရန်အတွက် လမ်းဘေးတွင် ခဏရပ်နားထားစဉ် အနောက်မှ မောင်းနှင်လာသော ကွန်တိန်နာတင်ယာဉ်က ဘတ်စ်ကားကို ဘေးမှဝင်တိုက်ကာ ကားရှေ့နှင့် ဘေးတွင် ရပ်နေသည့် ခရီးသည်များကိုပါ ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူများအနက် အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်။ တာဝန်ရှိသူများက ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သလို သေဆုံးသူနှင့် ဒဏ်ရာရသူများ၏ မိသားစုများအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ နစ်နာကြေးများ ပေးအပ်မည်ဟု ကြေညာခဲ့သည်။
သေဆုံးသူများမှာ အသက် ၂၇ နှစ်မှ ၄၅ နှစ်ကြားအရွယ်များဖြစ်သည့် အပ်စ်လမ်၊ အန္နူရက်၊ ဆိုနု၊ ဒီဗက်ရှ်၊ ပရာမော့ဒ်နှင့် ဆန်းတို့ရှ်တို့ဖြစ်ပြီး ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားသည်။ ထို့အတူ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသော ကွန်တိန်နာယာဉ်မောင်းကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိကာ ဘတ်စ်ကားပေါ်ပါ ကျန်ရှိသည့် ခရီးသည်များကိုမူ ၎င်းတို့သွားလိုသည့် ခရီးစဉ်များသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။
ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ် ယောဂီ အာဒီယာနက် (Yogi Adityanath) က ယခုဖြစ်ရပ်အတွက် ဝမ်းနည်းစကားဆိုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စစ်ဆေးအရေးယူမှုလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားသည်။
Ref : News 18 & dtnext
