သက်တံ့
၇. ၂. ၂၀၂၆
မလေးရှားနိုင်ငံ ရေကြောင်းကင်းလှည့်တပ်ဖွဲ့ (MMEA) သည် တရားမဝင်ငါးဖမ်းမှုဖြင့် မြန်မာနိုင်ငံသားများ မောင်းနှင်လာသည့် ငါးဖမ်းလှေနှစ်စင်းကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် (သောကြာနေ့) က မလေးရှားကမ်းလွန်ရှိ ကျွန်းဆွယ်မြို့ငယ် တန်ဂျွန်ကရန် (Tanjung Karang) ၏ အနောက်တောင်ဘက် ရေမိုင် ၁၆ ဒသမ ၆ အကွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးမှုအတွင်း အသက် ၂၄ နှစ်မှ ၅၀ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား စုစုပေါင်း ကိုးဦးအပြင် လှေနှစ်စင်းနှင့်အတူ ဖမ်းဆီးထားသော ငါးပိဿာချိန် ၂၇၀ ခန့် (၄၅၀ ကီလိုဂရမ်) ကိုလည်း သိမ်းဆည်းခဲ့သည်။
ဆီလန်ဂေါပြည်နယ် MMEA ညွှန်ကြားရေးမှူး ကပ္ပတိန် အဗ္ဗဒူ မူဟိုင်းမင်း မူဟာမက် ဆာလေး (Abdul Muhaimin Muhammad Salleh) က “ဖမ်းဆီးရမိတဲ့ အလုပ်သမားအားလုံးမှာ ခိုင်လုံတဲ့ အမှတ်အသားကတ်ပြားတွေ၊ လုပ်ငန်းခွင်ဝင်ခွင့် (Work Permit) တွေနဲ့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိကြဘူး” ဟု ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသူများကို ပူလောအင်ဒါ (Pulau Indah) ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားပြီးဖြစ်ကာ ၁၉၈၅ ငါးလုပ်ငန်းအက်ဥပဒေအရ လိုင်စင်စည်းကမ်းချက် ချိုးဖောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားအလုပ်သမား ခန့်အပ်မှုအတွက် တရားမဝင် ဝင်ရောက်နေထိုင်မှုအရ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေတို့ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။ (Ref : The Star)
