၇.၂.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က Myanmar Star အဆိုပြိုင်ပွဲမှာ MC လုပ်ဆောင်ခဲ့တဲ့ တေးသံရှင် အောင်ခန့်ပိုင်(မသိအုံးဟ)ကို နောက်နောင်စကားလုံးအသုံးအနှုန်းတွေမှာ ဆင်ခြင်ပြောဆိုဖို့အတွက် ခေါ်ယူညှိနှိုင်းဆွေးနွေးပြီး ခံ၀န်ကတိထိုးခိုင်းလိုက်ပါတယ်။
“ကျွန်တော်တို့ ဒီလိုင်းပေါ်မှာဖြစ်တဲ့ စကားလုံး အသုံးအနှုန်းတွေ၊ အပြောအဆိုတွေကို နောက်နောင်မပြောဖို့နဲ့ သူ့ကလည်း နောက်ပြီးတော့ လုပ်တာပါတဲ့။ တမင်တကာနောက်ပြီး လုပ်တာပါတဲ့ ပြောပါတယ်။ နောက်တစ်ခါ ဒါမျိုးတွေ MC လုပ်ရင်း မလုပ်ဖို့ MC တစ်ယောက်ရဲ့ ကျင့်ဝတ်တွေနဲ့နေဖို့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခံဝန်ကတိ ထိုးတာပါ။ နောက်နောင် ခုလိုလုပ်ဆောင်ရင်တော့ MC လုပ်ခွင့်မပေးဘူးလို့တော့ ပြောလိုက်ပါတယ်။ Myanmar Star ဘက်ကလည်း တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဂီတအစည်းအရုံးဘက်က စည်းကမ်းအဆုံးအဖြတ်အတိုင်း နာခံပါမယ်ပြောပါတယ်။ ကျွန်တော်တို့ကလည်း ပထမဆုံးအကြိမ်ဖြစ်လို့ ချက်ခြင်းပဲ ရပ်ဆိုင်းတာမျိုးမလုပ်ချင်ပါဘူး။


သေချာပြင်ဆင်ဖို့ အချိန်ပေးလိုက်ပါတယ်။ ကိုယ့်ကလေးတွေဖြစ်တဲ့ လူငယ်တစ်ယောက်ရဲ့ တက်လမ်းကိုလည်း မချိုးချင်တာမို့ပါ။ ကိုယ့်သမီးတွေလိုပါပဲ ဒီကလေးတွေဆိုတာလေ။ ဒါကြောင့် နောက်နောင် လက်လွတ်စပယ် စကားမမှားဖို့ ဝန်ခံလက်မှတ်ထိုးလိုက်တာပါ”လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)က ဥက္ကဋ္ဌ ဦးလွင်မြင့်က MT Entertainment ကို ပြောပါတယ်။
သူဟာ ခံဝန်ကတိပေးလက်မှတ်ထိုးရတာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ Myanmar Star အဖွဲ့သားတွေနဲ့အတူ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှာ ခေါ်ယူလက်မှတ်ထိုးခဲ့တာပါ။ အောင်ခန့်ပိုင်က Myanmar Star ရဲ့ သီချင်းဆိုပြိုင်ပွဲမှာ Top 7 အစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူအနေနဲ့ ပါဝင်ခဲ့တာလည်းဖြစ်တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက Myanmar Star က သီချင်းအဆိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက အင်္ဂလိပ်သီချင်းတွေနဲ့ သီဆိုဖို့ယှဉ်ပြိုင်ချိန်မှာ အောင်ခန့်ပိုင်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်တွေနဲ့ နားလည်မှုအပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ တော်တော်များခဲ့၊ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ခုလို ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးနောက်မှာလည်း အောင်ခန့်ပိုင်က လူမှုကွန်ရက်မှတစ်ဆင့် ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။
