၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ပရိသတ်အားပေးမှု အများဆုံးနဲ့ ဝင်ငွေစံချိန်တင်တဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများစွာလည်း ရှိခဲ့ပါတယ်။
“ကျွန်တော်တို့ ၂၀၂၅ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားတွေက ရသစုံ ရိုက်ကူးချပြလာတာလည်း တွေ့ရပါတယ်။ ဒီဇာတ်လမ်း ဇာတ်အိမ် ကောင်းကောင်းတွေကိုလည်း ပရိသတ်အကြိုက်တွေ့စေခဲ့လို့ ရုံတင်ပြသခွင့်တွေအနေနဲ့ ၁၁ ကြိမ်အထိ ပြသရတဲ့ ကားတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ရုံတင်ပြသရာမှာလည်း ဝင်ငွေစံချိန်တင် ဇာတ်ကားတွေက ရှိပါတယ်။ ဒီအတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ ရုပ်ရှင်လုပ်ငန်းဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားတွေကတော့ “မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်”၊ “နတ်ဝင်သည်” ၊ “ပန်းမြိုင်လယ်ကဥယျာဉ်မှူး”၊ “မြေဇာ”၊ “ပြန်မပြောရ”၊ “ညမင်္ဂလာ”၊ “အနှစ်” နဲ့ “မောင့်မိဖုရား”စတဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ကြသူတွေလည်း များပြားလာသလို ရုပ်ရှင်လောကသားတွေ အချင်းချင်းပူးပေါင်းပြီး ရှယ်ယာအနေနဲ့ တင်ဆက်ရိုက်ကူးချပြနေကြတာလည်း ရှိကြပါတယ်။
၂၀၂၅ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ချပြတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၇၂ကားမှာ ထိတ်လန့်ခြောက်ခြားစရာ ဇာတ်လမ်း ဇာတ်အိမ်တွေ၊ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်လမ်းတွေ၊ မိသားစုအတွက် ကြိုးစားရုန်းကန်ခဲ့တဲ့ မိသားစုဒရာမာဇာတ်၊ အပျော်အပါးကြောင့် ဘဝပျက်ခဲ့တဲ့ ဇာတ်လမ်းပုံစံတွေ၊ သဘာဝအလှတရားတွေနဲ့ ရေခဲတောင်အထိ ရိုက်ကူးပုံဖော်ခဲ့တဲ့ ဇာတ်လမ်းတွေ၊ ပညာပေးဇာတ်လမ်းပုံစံ၊ ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်လမ်းတွေကို ရိုက်ကူးတင်ဆက်ချပြခဲ့လည်းဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားတွေထဲက အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၂ ကားအထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။
ဆဋ္ဌမအပတ်အထိ ရုံတင်ပြသခဲ့ရတဲ့ မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်၊ ၁၁ အပတ်အထိ ရုံတင်ပြသခဲ့တဲ့ နတ်ဝင်သည်၊ ပဉ္စမပတ်အထိ ရုံတင်ပြသတဲ့ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး၊ စတုတ္ထအပတ်အထိ ရုံတင်ပြသခဲ့တဲ့ မြေစာ ၊ ဆဋ္ဌမအပတ်ထိရုံတင်ပြသခဲ့တဲ့ “ပြန်မပြောရ”၊ “ညမင်္ဂလာ”၊ “အနှစ်”နဲ့ “မောင့်မိဖုရား” စတဲ့ဇာတ်ကားတွေလည်း အပတ်စဉ်များစွာပြသခွင့်လည်း ရခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ်ရုံတင်ဇာတ်ကားများ #ဝင်ငွေစံချိန်ချိုး #ဝင်ငွေစံချိန်တင် #ရုံတင်ပြသခွင့် #MyanmarMovie #မြန်မာရုပ်ရှင်ဇာတ်ကားများ











