သက်တံ့
၆. ၂. ၂၀၂၆
တရုတ်နိုင်ငံ၏ အမြင့်ဆုံးပြည်သူ့အစိုးရရှေ့နေရုံး (SPP) သည် ပြင်းထန်သော ရာဇဝတ်မှုများကို နှိမ်နင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ကျားဖြန့်ဟု လူသိများသည့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သူ ၆၂,၀၀၀ ကို တရားစွဲဆိုထားကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှု ကြီးကြပ်ရေးနှင့် ပြည်သူ့လုံခြုံရေး မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် SPP ၏ ဒုတိယရှေ့နေချုပ် Miao Shengming က အမျိုးသားလုံခြုံရေး၊ လူမှုတည်ငြိမ်ရေးနှင့် ပြည်သူ့ဘေးကင်းရေးတို့ကို ကာကွယ်ရန်အတွက် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု အပါအဝင် ပြင်းထန်သော ရာဇဝတ်မှုများကို နှိမ်နင်းနေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရှေ့နေချုပ် Miao ၏ ပြောကြားမှုအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ဆက်နွှယ်သည့် ဆက်သွယ်ရေးလိမ်လည်မှုများကို ပစ်မှတ်ထားသည့် အထူးလှုပ်ရှားမှု စတင်ခဲ့ပြီးနောက် တရုတ်အစိုးရရှေ့နေရုံးများသည် အသုတ်လိုက် ပြန်လည်လွှဲပြောင်းပေးခဲ့သည့် သံသယရှိသူ ၄၈,၀၀၀ ကို ဖမ်းဆီးရန် အတည်ပြုခဲ့သည်။
အဆိုပါ သံသယရှိသူများသည် အဓိကအားဖြင့် ကိုးကန့်ဒေသမှ “မိသားစုကြီး လေးစု” ဟု ခေါ်ဆိုကြသည့် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သူများဖြစ်ပြီး လက်ရှိတွင် လူပေါင်း ၄၇,၀၀၀ ကို တရားစွဲဆိုမှုများ စတင်ထားပြီးဖြစ်ကြောင်း Miao က ဆိုသည်။
တရားစွဲဆိုခံရသူများထဲတွင် မြီမိသားစုနှင့် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းဝင် ၁၆ ဦးကို ဥပဒေနှင့်အညီ သေဒဏ်ချမှတ်ခဲ့သည်။ ယခင် CCTV သတင်းများအရ မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သည့် မြီမိသားစုဝင် ၁၁ ဦး နှင့် ပယ်မိသားစုဝင် ၅ ဦး တို့ကို ကြိုတင်ကြံစည်လူသတ်မှု၊ နာကျင်စေမှု၊ ဆက်သွယ်ရေးလိမ်လည်မှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် တရားမဝင်လောင်းကစားရုံများ ဖွင့်လှစ်မှုစသည့် ပြင်းထန်သော ပြစ်မှုများဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပယ်မိသားစုဂိုဏ်းမှ အဓိကတရားခံတစ်ဦးမှာမူ ယခင်ကပင် ဖျားနာ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။



Xiamen တက္ကသိုလ်မှ ပါမောက္ခ Fan Hongwei က တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလိမ်လည်မှုနှိမ်နင်းရေးသည် ယခင်ရိုးရာလိမ်လည်မှုများမှ ယခုအခါ နယ်စပ်ဖြတ်ကျော် ဂိုဏ်းများအထိ တိုးမြှင့်ဆောင်ရွက်လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက နည်းပညာအသစ်များ (ဥပမာ AI) ကို အသုံးပြု၍ ကျူးလွန်လာသည့် ရာဇဝတ်မှုများကို နှိမ်နင်းရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian ကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာအပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကို အမြစ်ပြတ်ချေမှုန်းရန်၊ ပြည်သူတို့၏ အသက်အိုးအိမ်ကို ကာကွယ်ရန်နှင့် နိုင်ငံတကာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : Global Times
