၆.၂.၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်နက်ဖ်ခရိုင်ခွဲရှိ အလီခါလီ ဘင်္ဂလီစခန်းဧရိယာတွင် ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုတစ်ခုအတွင်း အကျင့်ပျက် အကြမ်းဖက်သမားများ၏ ဖေဖော်ဝါရီလ ၅ ရက်က သေနတ်နှင့်ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုပစ်ခတ်မှုက အလီခါလီ ဘင်္ဂလီစခန်းရှိ စခန်းခွဲ ၂၅၊ အကွက် A/04 (ယခင် အကွက် D/06) တွင် ဖေဖော်ဝါရီလ ၅ ရက်၊ ည ၈:၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
တက်နက်ဖ် မော်ဒယ်လ်ရဲစခန်းမှ တာဝန်ခံအရာရှိ (OC) မိုဟာမက် ဆိုင်ဖူလ် အစ္စလာမ်က ပစ်ခတ်မှုဖြစ်ပွားရခြင်းကို အတည်ပြုခဲ့သည်။
ဒဏ်ရာရသူများအနက်နှစ်ဦးမှာ ဘင်္ဂါလီများဖြစ်သည့် အသက် ၃၆ နှစ်ရှိ အဗ္ဗဒူရာမန်နှင့် အသက် ၁၃ နှစ်ရှိ မိုဟာမက် ဂျီဆန် တို့ဖြစ်ကြောင်း သိရသည်။
အခြားဒဏ်ရာရသူ သုံးဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည့် အသက် ၃၈ နှစ်ရှိ ဘာချာ မီယာ၊ အသက် ၁၈ နှစ်ရှိ နျူူစရတ် ဂျာဟန်နှင့် အသက် ၁၁ နှစ်ရှိ ရှာဟာဘူဒင်တို့ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
မျက်မြင်တွေ့ရှိသူများက အလီခါလီဧရိယာတွင် စပါးစည်းသင်္ကေတနှင့် နိုင်ငံရေးပါတီတစ်ခုအတွက် ထရပ်ကားတစ်စီးပေါ်တွင် ရွေးကောက်ပွဲစည်းရုံးရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်နေစဉ် ဖေဖော်ဝါရီလ ၅ ရက် ညက ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဟု ပြောကြသည်။ လူအုပ်ကြီးက ကားကို ဝိုင်းရံထားစဉ် သေနတ်သမား လူအုပ်စုတစ်စုက ထရပ်ကားကို ပစ်ခတ်ခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ခြင်းဟုလည်း ဆိုကြသည်။
ပစ်ခတ်မှုတွင် တာဝန်ရှိသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် သိရှိရမည်ဟု OC မိုဟာမက် ဆိုင်ဖူလ် အစ္စလာမ်က ပြောကြားခဲ့သည်။
Ref-Dhaka Tribune
