၆.၂.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်မြို့၏ အထင်ကရပြယုဂ်(Land Mark)ဖြစ်လာသည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကြီးကို ယနေ့ ဖေဖော်ဝါရီ ၆ ရက်၊ နံနက် ၉ နာရီတွင် ဖွင့်လှစ်လိုက်ပြီး ကားများ စတင်ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားကြီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း တံတားဖွင့်လှစ်ပွဲတွင်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်-ဒလမြစ်ကူးတံတားကြီးသည် အရှည်ဆုံးတံတားများထဲမှ တံတားတစ်ခုဖြစ်လာခဲ့ပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ်(Land Mark) တစ်ခုလည်း ဖြစ်လာခဲ့ပြီဖြစ်သည်။
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်- ဒလတံတားမြစ်ကူးတံတားကြီးသည် စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်၊ တံတားအမြင့်မှာ မီတာ ၇၀ ကျော်ရှိကာ ၂၀၁၉ ခုနှစ် မေလတွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။









