နေမိုး
၆. ၂. ၂၀၂၆
KNU နှင့် PDF များက ကုန်းလမ်းမှသွားလာသည့် ပြည်သူတို့၏ကားများကို အမြဲတစေ ပစ်ခတ်သတ်ဖြတ်နေမှုကြောင့် ရေလမ်းသာအားကိုးနေရသည့် တနင်္သာရီတိုင်းတွင် အမြန်ရေယာဉ်တစ်စင်းပစ်ခတ်ခံရပြီး အပြစ်မဲ့ပြည်သူလေးဦး ကျည်ထိမှန်ဒဏ်ရာရခဲ့မှု ကျွန်းစုမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

KNU နှင့် PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်နေ ရေယာဉ်မောင်း ဦးမောင်လတ်(၄၀)နှစ် မောင်းနှင်ပြီး ရေယာဉ်မောင်းအကူ ၂ ဦး၊ ခရီးသည် ၁၃ ဦးတို့ လိုက်ပါလာသည့် “ရတနာပြည့်ဖြိုး-၂၇” ခရီးသည်တင်အမြန်ရေယာဉ်သည် မြိတ်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာစဉ် တနင်္သာရီတိုင်း ဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာအနောက်ဘက် ကိုက် ၃၀၀ ခန့်အကွာအရောက်၌ ထားဝယ်မြစ်ကမ်းဘေးမှနေ၍ KNU နှင့် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရေယာဉ်မောင်း ဦးမောင်လတ် အပါအဝင် ခရီးသည်တင် ရေယာဉ်ပေါ်၌ လိုက်ပါလာသူများဖြစ်ကြသည့် သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာနေ ဦးသီဟစိုး(၃၂)နှစ်၊ ရန်တောင်ကျေးရွာနေ ဦးစုငယ်(၅၄)နှစ်နှင့် လောင်းလုံးမြို့နယ်၊ ကြက်လွှတ်ကျေးရွာနေ မအိမ့်သဇင်ဌေး(၁၁)နှစ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
မြို့နယ်ပေါင်း ၁၀ ခုဖြင့် ဖွဲ့စည်းထားသည့် တနင်္သာရီတိုင်းသည် ပြည်မနှင့်အလှမ်းဝေးပြီး လမ်းပိုင်းအများစုကို အကြမ်းဖက် KNU နှင့် PDF တို့က မှန်ချမောင်းရန်နှင့် ညဘက်မမောင်းရန် တားမြစ်ကန့်သတ်ထားသလို အဝေးပြေးကားနှင့် လူနာတင်ယာဉ်များပါ မချန် ရှောင်တခင် မိုင်းခွဲပစ်ခတ်မှု ကျူးလွန်နေသည့်အပြင် ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်းများလည်း ကျူးလွန်နေသဖြင့် ယခုငါးနှစ်အတွင်း ထိုလမ်းပိုင်းများသို့ မဖြစ်မနေသွားလာရသည့် ရဟန်းရှင်လူပြည်သူဆယ်ရာချီ သေဆုံးဒဏ်ရာရမှုဖြစ်ပွားထားသည်။


