◾️ ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေတိုးမြှင့်ချထားပေးခြင်း၊ ကျောင်းများအဆင့်မြှင့်တင်ခြင်းနှင့် ဆရာ/ဆရာများ၏ အရည်အသွေးမြှင့်တင်နေခြင်းများသည် နောင်လာမည့် ဆယ်စုနှစ်များတွင် ရရှိလာမည့် နိုင်ငံ့အင်အားအတွက် အခြေခံအုတ်မြစ်ချပေးနေခြင်းဖြစ်



၅. ၂. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအနိမ့်အမြင့်သည် ယင်းနိုင်ငံရှိ နိုင်ငံသားများ၏ ပညာအရည်သွေးအပေါ် တိုက်ရိုက်မူတည်နေခြင်းကြောင့် ပညာသင်ကြားရေးသည် နိုင်ငံရေး၏ ဓားစာခံ မည်သည့်အချိန်မှမဖြစ်စေရဆိုသော ခိုင်မာသည့်ရပ်တည်ချက်နှင့် လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
အဆိုပါပြောကြားချက်ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် နိုင်ငံတော်ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းခြင်းအခမ်းအနား၌ ယာယီသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေရသည့်အပြင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာချိန် အချို့သော အဖျက်အမှောင့် လုပ်ဆောင်သူများသည် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ကိုဖျက်ဆီးရန် ပညာရေးကဏ္ဍကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းများကို ပိတ်ခိုင်းခြင်း၊ ဆရာ/ဆရာမများကို ဖိအားပေးခြင်းနှင့် ကျောင်းသားများကို ခြိမ်းခြောက်ခြင်းများရှိခဲ့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးယန္တရား ရပ်တန့်မသွားစေရန် လုံခြုံရေးနှင့်စီမံခန့်ခွဲမှုများကို အထူးဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံ ဘယ်တော့မှမဖြစ်စေရဘူးဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ မိမိတို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သစ္စာရှိပညာရေးဝန်ထမ်း အသီးသီးကလည်း မိမိတို့ရဲ့တပည့်များ ပညာအဆက်မပြတ်စေဖို့ စွန့်လွှတ်စွန့်စားစွာနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့လို့သာ လက်ရှိအခြေအနေကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူရပါတယ်” ဟု ယာယီသမ္မက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအနိမ့်အမြင့်သည် ယင်းနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့ တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး မတူကွဲပြားမှုများကြားမှ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော စွမ်းအားစုလည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရန် နိုင်ငံတစ်ဝန်းတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် နိုင်ငံသားများရှိရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“နိုင်ငံတော်က ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေတိုးမြှင့်ချထားပေးတာ၊ ကျောင်းတွေ အဆင့်မြှင့်တာနဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနေတာတွေဟာ နောင်လာမယ့် ဆယ်စုနှစ်တွေမှာ ရရှိလာမယ့် နိုင်ငံ့အင်အားအတွက် အခြေခံအုတ်မြစ် ချပေးနေခြင်းပဲဖြစ်ပါတယ်။ မိမိတို့အားလုံးဟာ ပညာရေးကိုအခြေခံပြီး နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ် တည်နိုင်အောင် မဆုတ်မနစ်တဲ့ဇွဲ၊ လုံ့လတွေနဲ့ ဆက်လက် ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် ယာယီသမ္မတက ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားဟောင်းတစ်ယောက်အဖြစ် အမြဲခံယူပြီး တက္ကသိုလ်ကြီး၏ အတိတ်ဂုဏ်ရည်ကို ပြန်လည်ဖော်ဆောင်ကာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်လာစေရန် ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်မှုများ ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
