၅.၂.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံ ပြဿနာနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ဖြစ်နိုင်မည့် အစည်းအဝေးအစီအစဉ်များကို သဘောမတူညီမှုများ ရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့မှ တာဝန်ရှိသူ အစိုးရအရာရှိများက အိုမန်နိုင်ငံတွင် ဆွေးနွေးပွဲများပြုလုပ်ရန် ဖေဖော်ဝါရီလ ၄ ရက်တွင် အတည်ပြုခဲ့ကြကြောင်း သိရသည်။
၎င်းတို့က ညှိနှိုင်းတွေးနွေးပွဲကို အိုမန်နိုင်ငံ၏မြို့တော် မတ်စကပ်မြို့တွင် ဖေဖော်ဝါရီလ ၆ ရက်၌ ကျင်းပ သွားရန်လည်း သဘောတူခဲ့ကြသည်။
နှစ်ဖက်အကြား ဆွေးနွေးပွဲများ ကျင်းပမည့်ပုံစံနှင့် နေရာတို့အပေါ် သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ဖေဖော်ဝါရီလ ၄ ရက်က သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပြီးနောက် ဆွေးနွေးပွဲ၏ ကံကြမ္မာအပေါ် သံသယများ တိုးပွားခဲ့ရသေးသည်။
သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘားစ် အာရပ်ဖ်ချီက နျူကလီးယားဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ၆ ရက်တွင် မတ်စကပ်၌ ကျင်းပရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ၎င်းက “လိုအပ်သော အစီအစဉ်များအားလုံးကို စီစဉ်ပေးသည့်အတွက် ကျွန်ုပ်တို့၏ အိုမန်ညီအစ်ကိုများကို ကျေးဇူးတင်ပါသည်” ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အိမ်ဖြူတော်အရာရှိများကလည်း အစည်းအဝေးကို အိုမန်တွင် ဖေဖော်ဝါရီလ ၆ ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သတင်းဌာနများသို့ အတည်ပြုခဲ့သည်။ ယခုအပတ်အစောပိုင်းတွင် အရာရှိများက အစည်းအဝေးကို တူရကီတွင် ကျင်းပဖွယ်ရှိကြောင်း ပြောကြားခဲ့ကြသေးသည်။
ဆွေးနွေးပွဲများကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမည့် အစီအစဉ်များအပေါ် နှစ်ဖက်စလုံးက ဘုံသဘောတူညီချက် ရရှိခဲ့ကြောင်း မတွေ့ရှိရပေ။
အီရန်က ဆွေးနွေးပွဲများတွင် ဆွေးနွေးပွဲအစီအစဉ်အဖြစ် အနောက်နိုင်ငံများနှင့် ၎င်း၏ ရှည်လျားသော နျူကလီးယား အငြင်းပွားမှုကို ဆွေးနွေးရန်အတွက်သာ ကန့်သတ်ပါရှိရန် တွန်းအားပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကမူ နျူကလီးယား ကိစ္စရပ်များအပြင် အီရန်၏ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်၊ အရှေ့အလယ်ပိုင်းရှိ လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များကို ထောက်ခံမှုနှင့် အီရန်အစိုးရ၏ ပြည်သူများအပေါ် ဆက်ဆံပုံတို့ကိုပါ ဆွေးနွေးပွဲအစီအစဉ်များတွင် ထည့်သွင်းရမည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အီရန် အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် အီရန်၏ ဒုံးကျည်အစီအစဉ်သည် “စားပွဲပေါ်မှ ဆင်းသွားပါပြီ” ဟု ပြောကြားခဲ့သည်။ အခြား အကြီးတန်း အီရန်အရာရှိတစ်ဦးက တီဟီရန်သည် နျူကလီးယား အငြင်းပွားမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲများကို ကြိုဆိုသော်လည်း နျူကလီးယားမဟုတ်သော ကိစ္စရပ်များကို ဖြေရှင်းရန် အမေရိကန်၏ တောင်းဆိုမှုသည် ဆွေးနွေးပွဲများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲအတွက်ပြင်ဆင်မှုများက မရေမရာဖြစ်နေသည့်အခြေနေကြားမှာပင် အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီအပေါ် ဖိအားများ ဆက်လက်တိုးမြှင့်ခဲ့သည်။ ထရမ့်ပ်က အမေရိကန်ရုပ်သံ NBC News နှင့် တွေ့ဆုံမေးမြန်းရာတွင် “သူ အရမ်းစိုးရိမ်သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟုဆိုခဲ့သည်။ နိုင်ငံ၏ အခြားဒေသတစ်ခုတွင် နျူကလီးယားစက်ရုံသစ်တစ်ခုကိုတည်ဆောက်ရန် အီရန်က ကြိုးစားနေသည်ဟုလည်း ၎င်းကပြောခဲ့သည်။
Ref- DW News
