မီးတောင်ထိပ်ဝအောက်ဘက်တွင် ပျက်ကျခဲ့သော ဆက်စ်နာ ၃၄၀ လေယာဉ်ငယ်၏ အပိုင်းအစများကို တွေ့ရစဉ်။
၂၃.၂.၂၀၂၃.
translated by Htwe Ko Tun
ဖေဖော်ဝါရီလ ၁၈ ရက်တွင် မာရွန်မီးတောင်ထိပ်အနီး ပျက်ကျသွားခဲ့သော ဆက်စ်နာ ၃၄၀ လေယာဉ်ငယ်တွင် လိုက်ပါလာသည့် လူလေးဦးစလုံး အသက်ဆုံးရှုံးခဲ့ကြောင်း အယ်လ်ဘေးပြည်နယ် သဘာဝဘေးကာကွယ်ရေးအရာရှိများက ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းတွင် အတည်ပြုခဲ့ကြသည်။
မာရွန်မီးတောင်ထိပ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် တက်ရောက်ခဲ့ကြသော ကယ်ဆယ်ရေးအဖွဲ့များကလည်း လေယာဉ်ပျက်ကျသေဆုံးသူများ၏ အလောင်းများကို ဖေဖော်ဝါရီလ ၂၃ ရက်နံနက်တွင် မီးတောင်ထိပ်ဝအနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြကြောင်း သိရသည်။
ပျက်ကျခဲ့သော ဆက်စ်နာ ၃၄၀ လေယာဉ်ငယ်၏ အပိုင်းအစများကိုလည်း မီးတောင်ထိပ်ဝအောက်ဘက် ၃၅၀ မီတာ (၁,၁၄၈ ပေ) နိမ့်သောနေရာတွင် တွေ့ခဲ့ကြရသည်။ ကယ်ဆယ်ရေးအဖွဲ့တွင် ဒေသခံတောင်တက်သမားများ၊ အစိုးရကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် လမ်းညွှန်များလည်းပါဝင်ကြပြီး ဆက်စ်နာလေယာဉ်ပျက်အားတွေ့ရှိရေးနှင့် အသက်ရှင်သူများရှိက ကယ်ဆယ်နိုင်ရေးတို့အတွက် တောင်ခြေမှ အမြင့်ပေ ၆,၀၀၀ ခန့်သို့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်တောင်တက်ခဲ့ကြခြင်းဖြစ်သည်။
Ref—- inquirer.net
