၂၈. ၁. ၂၀၂၆
Written by Thiri
ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာက ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦးသေဆုံးရတဲ့ဖြစ်စဉ် ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က ကျောင်းမုန့်စားဆင်းချိန် စုဖွဲ့ကစားကြရာကနေ အပျော်ကနေ အပျက်ဖြစ်ရတဲ့ မတော်တဆအခြေအနေတစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူက အသက် ၁၃ နှစ် ၆ လအရွယ် မောင်မိုးသူရိန် Grade -7 ကျောင်းသားဖြစ်ပြီးကျူးလွန်သူက အဖွဲ့လိုက်ကျူးလွန်သူတွေထဲကမှ လက်သီးနဲ့ထိုးကြိတ်သူ Grade -8 ကျောင်းသားတစ်ဦးကို သက်ဆိုင်ရာက မနေ့က ညကတည်းက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်သံထဲမှာလည်း လဲကျနေတဲ့ကျောင်းသားငယ်တစ်ဦးကို ကျောင်းသားအများအပြားက ဝိုင်းထားပြီး “တစ်ချက်တည်းထိုးတာကို ဖြစ်နေတယ်”လို့ ပြောနေတာ တွေ့မြင်ရပါတယ်။
မောင်မိုးသူရိန်ရဲ့ မိခင်က “ကျွန်မတို့ကို ကျောင်းက ဘောလုံးကန်ရင်း အမောဖောက်လဲကျတယ်ပြောတော့ ဒီအတိုင်းပဲ ယုံကြည်ထားတာပါ။ ဆေးရုံက ရင်ခွဲစစ်တော့ နှလုံးကကောင်းတယ်။ လည်စေ့ပြုတ်သွားတာပါ။ နားထင်ညိုနေတယ်။ နှာခေါင်းက သွေးထွက်ထားတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ မောင်မိုးသူရိန်က ရွှေပြည်သာမြို့နယ်၊ သံဒင်း (၂၀) ရပ်ကွက်မှာနေထိုင်ပြီး တစ်ဦးတည်းသောသားလည်း ဖြစ်ပါတယ်။ မိခင်၊ ဖခင်က လက်လုပ်လက်စားပေမယ့် သားကို ကျောင်းကောင်းကောင်း ထားချင်တာမို့ ရပ်ကွက်အတွင်း အလယ်တန်းကျောင်းကနေ မနှစ်က Grade – 6 တက်ရောက်ချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေပြည်သာ မြို့နယ်ကို ပြောင်းရွှေ့ထားခဲ့တာဖြစ်ပါတယ်။
MT News က ဆက်သွယ်ခဲ့တဲ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ အချိန်မှာတော့ မောင်မိုးသူရိန်ရဲ့ ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီး ရင်ခွဲရုံကနေ ဖခင်ဖြစ်သူက ထုတ်ယူလာပြီး နေအိမ်ဆီ ပြန်လည်သယ်ဆောင်လာပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
