၂၈.၁.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တစ်ဖက်ကမ်း၊ ငဝန်မြစ်ဘေးရှိ အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် နေအိမ် ၃၅ လုံးမီးလောင်ခဲ့ပြီးနောက် မီးဘေးသင့်သူ ၁၀၀ ကျော်အတွက် စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ကူညီလုပ်ဆောင်နေသူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီမိနစ် ၄၀ ခန့်က ငဝန်မြစ်ကမ်းနားဘေးရှိ တဲအိမ်တစ်လုံး၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဓနိအကာသို့ မီးကူးစက်ရာမှ နေအိမ် ၃၅ လုံး မီးလောင်ဆုံးရှုံးကာ လူ၁၀၀ ကျော် မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
“စလောင်တဲ့အချိန်မှာက ရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲရှိတယ်။ မြစ်ကမ်းဘေး လေကလည်းတိုက်၊ အိမ်တွေကလည်းကပ်နေတော့ နာရီဝက်ကျော်လောက်ကို အိမ် ၃၅ လုံးပါကုန်တာ”ဟု ဒေသခံအမျိုးသားကြီးတစ်ဦးက ပြောသည်။
နေအိမ် ၃၅ လုံးမီးလောင်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ရဲမင်းကိုအား ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ငပုတောမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
ထို့အတူ မီးဘေးသင့်ပြည်သူများ စားဝတ်နေရေးအတွက် ငပုတောမြို့နယ်ဒေသခံများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လတ်တလောတွင် ယာယီနေထိုင်ရေး မီးလောင်သည့် နေရာအနီးတွင် ယာယီတဲများထိုးကာ နေထိုင်လျက်ရှိပြီး မိုးရာသီရောက်ရှိပါက လုံခြုံစွာနေထိုင်နိုင်ရန် နေအိမ်များ ပြန်လည်ဆောက်လုပ်ရေးအတွက် လိုအပ်လျက်ရှိကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများကို လှူဒါန်းလိုသူများအနေဖြင့် ကျေးရွာဒေသခံ ဦးကိုကြွေ၏ဖုန်း 09663185977 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။






