သက်တံ့
၂၈. ၁. ၂၀၂၆
ထိုင်းနိုင်ငံရှိ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အယူဝါဒကို ကိုင်စွဲထားသည့် Thai Pakdee ပါတီသည် လာမည့် ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိပါက ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရေးအတွက် ကူညီပေးနေသော NGO အဖွဲ့အစည်းများကို အမြစ်ပြတ်နှိမ်နင်းသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့ညက ၎င်းတို့၏ လူမှုကွန်ရက် (Facebook) စာမျက်နှာမှတစ်ဆင့် မဲဆွယ်ဗီဒီယိုတစ်ခု ထုတ်ပြန်ကာ ကတိပြုခဲ့သည်။
ယခုကဲ့သို့ NGO များကို နှိမ်နင်းရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းအချို့ကို နယ်မြေစိုးမိုးသိမ်းပိုက်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ပါတီက ဆိုသည်။


ထို့အပြင် အမည်မဖော်ပြထားသည့် ထိုင်းနိုင်ငံရေးပါတီ နှစ်ခုသည် အဆိုပါ NGO အဖွဲ့အစည်းများကို နောက်ကွယ်မှ ပံ့ပိုးကူညီပေးနေကြောင်းလည်း Thai Pakdee ပါတီက စွပ်စွဲပြောဆိုထားသည်။
ယင်းအပြင် ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ များပြားလာမှုကို ဥရောပနိုင်ငံများတွင် မွတ်စလင်ရွှေ့ပြောင်းနေထိုင်သူဦးရေ အများအပြား ရောက်ရှိလာသည့် အခြေအနေနှင့် နှိုင်းယှဉ်ကာ ၎င်းတို့၏ အမျိုးသားရေးဝါဒကို လှုံ့ဆော်ခဲ့သည်။
ယခုထုတ်ပြန်ချက်သည် “နှုတ်ခမ်းမွှေးအဖွဲ့” ဟု လူသိများသည့် ထိုင်းမျိုးချစ်အဖွဲ့က မြန်မာလုပ်သားများကို လိုက်လံစစ်ဆေးတိုက်ခိုက်နေသည့် ဖြစ်ရပ်များနှင့်အတူ ၂၀၂၆ ခုနှစ် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ဖိအားပေးမှုနှင့် တင်းကျပ်မှုများ ပိုမိုရှိလာနိုင်သည့် အခြေအနေကို မီးမောင်းထိုးပြနေသည်။
Thai Pakdee ပါတီသည် ထိုင်းဘုရင်စနစ်ကို အလွန်အမင်းထောက်ခံပြီး အမျိုးသားရေးဝါဒကို အားပေးသည့် ပါတီဖြစ်ကာ ရွှေ့ပြောင်းနေထိုင်သူများအရေးနှင့် ပတ်သက်လျှင် တင်းကျပ်သော မူဝါဒများကို ကျင့်သုံးလေ့ရှိသည့် ပါတီတစ်ခု ဖြစ် သည်။
Ref: The Thaiger






