၂၈.၁.၂၀၂၆
Written by Linn Eain
ဂမ်ဘီယာနိုင်ငံသည် နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချကာ မြန်မာနိုင်ငံအား မဟုတ်မှန်စွပ်စွဲခြင်းဖြစ်သည့်အတွက် ၎င်းတို့၏ အမှုပွဲစားလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲက သဘောထားထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ပြုလုပ်သည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)၊ အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်)နှင့် အခြားသော အမျိုးသားရေး အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တက်ရောက်လာသူများက ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကြေညာချက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးသည် နိုင်ငံများအချင်းချင်း ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ကြီးလေးသောတာဝန်တစ်ရပ်ကို ထမ်းဆောင်နေရခြင်းအပေါ် ဂမ်ဘီယာနိုင်ငံသည် နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချကာ မြန်မာနိုင်ငံအား မဟုတ်မမှန် စွပ်စွဲခြင်းဖြစ်သည့်အတွက် ဂမ်ဘီယာနိုင်ငံ၏ အမှုပွဲစားလုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ ) ၌ သွားရောက်ဖြေရှင်းနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (Agent of Myanmar) နှင့်အတူ ပြည်သူများက တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေများ၏ တိကျခိုင်မာသော ချေပလျှောက်လဲမှုများသည် ဂမ်ဘီယာနိုင်ငံ၏ မတရားစွပ်စွဲမှုများကို အချက်ကျကျ ဖြေရှင်းလျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရသဖြင့် မြန်မာပြည်သူလူထုက အားရကျေနပ်လျက်ရှိကြောင်းနှင့် ဂမ်ဘီယာနိုင်ငံက တင်ပြသော အချက်အလက်များသည် အခြေအမြစ်မရှိသော သာမန်အချက်အလက်များသာဖြစ်ပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ၏ တစ်ဖက်သတ် ရေးသားထားသည့် အချက်အလက်များသာဖြစ်ကြောင်း အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲပြုလုပ်သူများက ကြေညာခဲ့သည်။
ထို့ပြင် အမျိုးသားရေးလူထုဆန္ဒထုတ်ဖော်ပွဲကို မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ ကိုယ်စီကိုယ်စီ အသီးသီးသော ပြည်သူတစ်ယောက်ချင်းစီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် လာရောက်စုဝေးကြခြင်းဖြစ်ပြီး တက်ရောက်လာကြသူများနှင့် မတက်ရောက်နိုင်သော်လည်း အဖက်ဖက်မှ ဝန်းရံအားပေး ထောက်ခံကြသူများကို လေးစားစွာ အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ် ၂ နာရီတွင် ပြုလုပ်ခဲ့ပြီး သံဃာတော်နှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၁၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုပွဲနှင့် ဟောပြောပွဲတွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်မှ) အထွေထွေအတွင်းရေးမှူး ဦးသုစိတ္တက မြန်မာနိုင်ငံတွင် လူမျိုးသုဥ်း(လူမျိုးတုံး)သတ်ဖြတ်ခြင်း လုံး၀မရှိကြောင်းဟောပြောခဲ့ကာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံအားပေးကြောင်း ဂုဏ်ပြုဟောပြောခဲ့ပြီး အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)မှ ဦးထိန်လင်းက အထက်ပါသဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။














