၂၈.၁.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ မဟာဆာရခမ်ပြည်နယ်မှာ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကို သေနတ်နဲ့ပစ်သတ်ပြီး အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ ဗြိတိန်အမျိုးသားတစ်ဦးကို အနီးရှိ ခွန်ကန်ပြည်နယ်အတွင်းက ဟိုတယ်အခန်းတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်သတ်ဖြတ်မှုက မဟာဆာရခမ်ပြည်နယ်၊ မောင်းခရိုင်၊ ကော့ကိုးမြို့နယ်ရှိ ရွာအမှတ် (၄) မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ကို ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁၁ နာရီမှာ အကြောင်းကြားခံခဲ့ရတယ်လို့ သိရပါတယ်။

အသတ်ခံရသူ ထိုင်းအမျိုးသမီးက အသက် ၄၄ နှစ်ရှိ ဖက်ချာရီ ယူရာဖန်နွန်လို့ သိရပြီး ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတာပါ။ ရှေးဦး စုံစမ်းစစ်ဆေးချက်တွေအရ သတ်ဖြတ်သူက ခင်ပွန်းဖြစ်တဲ့ အင်္ဂလန်နိုင်ငံ၊ အက်ဆက်နယ်၊ ဝီသမ်မြို့နေ အသက် ၅၈ နှစ်ရှိ အန်သိုနီ ဂျိမ်းစ် ကွန်ဒရွန် ဆိုသူဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့ ကတွေ့ ရှိခဲ့တယ်လို့ဆိုပါတယ်။
ဒေသခံတွေက သူတို့နှစ်ဦးဟာ ဖက်ချာရီ ဖွင့်လှစ်ထားတဲ့ ဂျန်ပန်နွန်ခြံ တည်းခိုခန်းမှာ နှစ်အတော်ကြာ အတူနေထိုင်ခဲ့ကြတယ်လ်ု့ ပြောကြပါတယ်၊ ဒါပေမယ့် သူတို့မှာ ကလေးမရှိဘူးလို့လည်း ဆိုကြပါတယ်။
ပစ်ခတ်မှုမဖြစ်ပွားခင်မှာတော့ သူတို့စုံတွဲဟာ အိမ်တွင်းရေးအငြင်းပွားမှုတစ်ခု ဖြစ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူသတ်မှုဖြစ်ရတာရဲ့ တိကျတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲလို့ သိရပါတယ်။
ရဲအရာရှိတွေက လူသတ်မှုဖြစ်ပွားတဲ့နေရာကို ဝန်းရံပိတ်ဆို့ထားခဲ့ပြီး သက်သေအထောက်အထားတွေ စုဆောင်းကာ သံသယရှိသူရဲ့ ထွက်ပြေးရာလမ်းကြောင်းကို ခြေရာခံခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အာဏာပိုင်တွေက သံသယရှိသူဟာ သူငယ်ချင်းရဲ့ ပစ်ကပ်ထရပ်ကားနဲ့ ထွက်ပြေးသွားပြီး ခွန်ကန်ပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခုအနီး ရှိနေတယ်လို့ သိရှိခဲ့ကြပါတယ်။
နောက်ဆုံးမှာ ပြည်နယ်နဲ့ဒေသဆိုင်ရာ ရဲအရာရှိတွေက ခွန်ကန်ပြည်နယ်မြို့တော်၊ ခွန်ကန်မြို့၊ ဘွမ်ကန်နခွန်အပန်းဖြေဥယျာဉ်အနီးက ဟိုတယ်တစ်ခုမှာ သံသယရှိသူကို ခြေရာခံမိခဲ့ကြပြီး ဟိုတယ်အခန်းတစ်ခုအတွင်း ဖမ်းဆီးမိခဲ့ကြတာပါ။
Ref-Bangkok Post


