◾ “ဝ”ဒေသတွင် ကိုးကန့်တရုတ်လူငယ်က ဖခင်ကိုသတ်ပြီး မီးရှို့မှုမှန်သော်လည်း လူသားစားသည့်အဆင့် မရောက်ခဲ့ဟုပါ ဆို
◾ လူသားစားသည့်ဓလေ့မရှိခဲ့သော်လည်း ယဇ်ပူဇော်ရန် ခေါင်းဖြတ်သည့်ဓလေ့ရှိခဲ့ဟုပါ ဝန်ခံ
သတိုး
၂၆.၁. ၂၀၂၆
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ၊ တောင်ပိုင်း ၁၇၁ စစ်ဒေသ မိုင်းကျွတ်နယ်မှာ ဆေးကြောင်ပြီး ဖခင်ဖြစ်သူကိုသတ်ကာ အလောင်းကို မီးရှို့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
ဆေးကြောင်ကာ လူသတ်ပြီး မီးရှို့ခဲ့တာက ဖြစ်စဥ်အမှန်၊ သတင်းအမှန်ဖြစ်ပေမဲ့ မဲခေါင်သတင်းဌာနက သတင်းဖော်ပြရာမှာတော့ “လူသားကို မီးဖုတ်စားသည်” လို့ ထည့်သွင်း ရေးသားခဲ့တာက လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံလျက်ရှိနေတာကို တွေ့ရှိရပါတယ်။
ကနဦးသတင်းအမှားကို မဲခေါင်သတင်းဌာနက ရေးသားခဲ့ပြီး ၄၅ မိနစ်ကြာပြီးနောက်မှာတော့ သတင်းကိုဖြုတ်ချသွားခဲ့ပါတယ်။
မဲခေါင်သတင်းဌာနက ထည့်သွင်းရေးသားခဲ့တဲ့ အချက်အလက်ထဲ “မိုင်းပေါက်မြို့တစ်နေရာတွင်” လို့ ထည့်သွင်းဖော်ပြခဲ့သလို “လူသတ်ပြီး အသားကို မီးဖုတ်စားသည်” ဆိုထားတဲ့အပြင် ယခင်က ” “ဝ” လူမျိုးများ လူသားစားသည့်ဓလေ့ရှိခဲ့ဖူးသည်” လို့လည်း သုံးနှုန်းဖော်ပြခဲ့ပါတယ်။


နောက်ဆက်တွဲ အနေနဲ့ သတင်းဌာန မဟုတ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ကိုယ်ပိုင်အကောင့် (သို့) မီဒီယာစာမျက်နှာ အများအပြားက ကူးယူကာ ဆက်လက်ဖော်ပြနေကြတာ တွေ့ရှိရပါတယ်။
မြေပြင်ဖြစ်စဥ်အမှန်နဲ့ ပတ်သက်ပြီး တောင်ပိုင်း ၁၇၁ မှ တာဝန်ရှိသူတစ်ဦးက “ဒီအဖြစ်အပျက်က မိုင်းပေါက်မြို့မှာ မဟုတ်ဘဲ တောင်ပိုင်း ၁၇၁ ၊ မိုင်းကျွတ်နယ်မှာ ဖြစ်ခဲ့တာပါ။ ကိုးကန့်လူမျိုး တရုတ်ကောင်လေးပါ။ ဆေးကြောင်ပြီး ဖခင်ဖြစ်သူကိုသတ်ပြီး မီးရှို့ခဲ့တာ။ အသားစားတဲ့ထိ မဟုတ်ပါဘူး” လို့ ပြောတာကို “ဝ” မီဒီယာဖြစ်တဲ့ Wa News Land က ဖော်ပြပါတယ်။
“ဝ” တွေလူသားစားတယ်ဆိုတာနဲ့ ပတ်သက်ပြီး UWSA “ဝ” တပ်ပြောခွင့်ရ တာဝန်ခံ ဦးညီရန်းက “ကောလာဟလသတင်း။ “ဝ”ပြည်၌ လူသတ်ပြီး “မီးဖုတ်စားသူဖမ်းမိ”ဆိုသည့်သတင်းမှား ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။ ဖြစ်စဥ်မှာ စိတ္တဇရှိသူတစ်ယောက်သည် ၎င်း၏ မွေးစားဖခင်အား သတ်ဖြတ်ကာ မီးရှိူ့မှုဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူသားစားသည့် ဖြစ်စဥ်မျိုး လုံးဝ မရှိခဲ့ပါ။ ပြစ်မှုကျူးလွန်သူအား ဖမ်းမိပြီး “ဝ”ပြည်ဥပဒေဖြင့် ထိရောက်သည့် အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မိမိတို့ “ဝ”ပြည်သည် ရှေးယခင်က တချို့သောနယ်၌ တောင်ယာစပါးကောင်းဖို့ ယဇ်ပူဇော်ရန်အတွက် ခေါင်းဖြတ်သည့်ဓလေ့ ရှိခဲ့ပေမယ့် လူသားစားသည့်ဖြစ်စဥ်မျိုးလုံးဝမရှိခဲ့ပါကြောင်း မှတ်တမ်းများအရ လေ့လာတွေ့ရှိရသည်။”လို့ လူမှုကွန်ရက်မှာ ဖော်ပြ ငြင်းဆိုခဲ့ပါတယ်။
Ref & Photo – WNl & မဲခေါင်သတင်း
