၂၆. ၁ .၂၀၂၆
Written by Thiri
ဒီရက်ပိုင်းအတွင်း အဘိုးအဘွားတချို့ သွားလာနေရင်း နေရပ်ကိုမမှတ်မိတော့ဘဲ လမ်းပျောက်နေတာမျိုးတွေ လူမှုကွန်ရက်ပေါ်မှာ မကြာခဏတွေ့မြင်ရပြီး ပရဟိတအသင်းတွေရဲ့အကူအညီနဲ့ မိသားစုဝင်ကူညီရှာဖွေပေးတာ၊ အသင်းရုံးတွေမှာ စောင့်ရှောက်ပေးထားတာ၊ လူမှုကွန်ရက်ပေါ်တင်ကာ မိသားစုသိရှိဆက်သွယ်နိုင်ဖို့ ဆောင်ရွက်ပေးတာတွေ ပြုလုပ်နေရကြောင်း ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။
ဗိုလ်တထောင်မြို့နယ်က လင်းလက်လူမှုကူညီရေးအသင်းရုံးမှာ အမည်၊ နေရပ် ဘာတစ်ခုမှမမှတ်မိတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ဦး ရောက်ရှိနေတာ နှစ်ပတ်နီးပါးရှိနေပြီဖြစ်ကာ အဆိုပါ အမျိုးသမီးကြီးက အသင်းအနေနဲ့ သူ့ကို ဘယ်မှမပို့ဘဲ အသင်းရုံးမှာပဲ ခေတ္တနေထိုင်ခွင့်ပြုဖို့ တောင်းပန်တာကြောင့် အသင်းရုံးမှာပဲ ညအိပ်ညနေ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အသင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်ဇော်မိမိက “ဆူးလေမီးသတ်ရုံးက ကျွန်မတို့ကိုခေါ်ပြီး အဘွားကိုကူညီပေးဖို့ အပ်တာ။ အဘွားက နေရပ်၊ နာမည်မေးတော့ သူဘာမှ စဉ်းစားလို့မရလို့ ငိုပဲ ငိုနေတာ။ သူ့မှာ ဘာတစ်ခုမှလည်း အမှတ်အသားပါမလာသလို ကျွန်မတို့တွေ့တော့ သူ့နားပေါက်က လောလောလတ်လတ် အချွတ်ခံထားရသလို ပွန်းပဲ့နေတယ်။ အခု အသင်းရုံးမှာ ရောက်နေတာ နှစ်ပတ်နီးပါးရှိပြီ။ ဒီရက်ပိုင်း စကားနည်းနည်း ပြောလာပေမယ့် မေးကြည့်ရင် သူ့ခေါင်းက အရမ်းကိုက်လာတယ် ပြောတယ်” လို့ အခြေအနေတချို့ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ မနက်ကတည်းက အိမ်ကနေထွက်သွားတဲ့ အဘိုးတစ်ဦး မျက်စိလည်ကာ အိမ်အပြန်လမ်းမမှတ်မိတာကြောင့် သူစီးလာတဲ့ ဘေးတွဲဆိုင်ကယ်က သူ့ကို နီးစပ်ရာကားမှတ်တိုင်မှာ ချထားရစ်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပါတယ်။ ညဉ့်နက်ချိန်အထိ လမ်းဘေးတစ်ဦးတည်းရှိနေတဲ့အဘိုးကို ရပ်ကွက်နေပြည်သူတချို့က ဝိုင်းဝန်းကူညီစောင့်ရှောက်ကာ လူမှုကူညီရေးအသင်းတွေထံ ဆက်သွယ်အကြောင်းကြားပေးရာက မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့တာဖြစ်ပါတယ်။




အဘိုးအဘွားတွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ မိမိနေရာကို မမှတ်မိတာ၊ အိမ်ပြန်လမ်းပျောက်တာတွေဟာ သူငယ်ပြန်ရောဂါ (Dementia)ကြောင့် အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်နိုင်ကြောင်းလည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။
အထူးသဖြင့် အယ်လ်ဇိုင်းမား (Alzheimer’s) ရောဂါကြောင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ ပတ်ဝန်းကျင်ကို အကဲဖြတ်နိုင်စွမ်းရှိတဲ့ အစိတ်အပိုင်းတွေ ပျက်စီးလာတဲ့အခါ နေရာဒေသကို မမှတ်မိတော့တာမျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
သက်ကြီးရွယ်အိုတွေဟာ ပတ်ဝန်းကျင်အသစ်ကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ ခက်ခဲတတ်ပြီး အိမ်အသစ်ပြောင်းတာ၊ လမ်းတွေ၊ အဆောက်အဦတွေ အသစ်တိုးလာတာ၊ အမြင်အာရုံနဲ့ အကြားအာရုံ အားနည်းလာတာကြောင့် ပတ်ဝန်းကျင်က အချက်အလက်တွေကို မှန်မှန်ကန်ကန် မယူနိုင်တော့တဲ့အခါ လမ်းမှားတာ၊ မျက်စိလည်တာတွေ ဖြစ်နိုင်တယ်လို့လည်း ရှင်းပြပါတယ်။
ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ မှတ်ပုံတင်ကတ်၊ လိပ်စာကတ် စတာတွေကို အဘိုးအဘွားတွေရဲ့ အိတ်ထဲမှာ ဒါမှမဟုတ် အင်္ကျီအိတ်ကပ်ထဲမှာ အမည်၊ လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါတဲ့ ကတ်ပြားလေး ထည့်ပေးထားတာမျိုးနဲ့ ဘေးပတ်ဝန်းကျင်ကပါ စောင့်ရှောက်နိုင်အောင် ဆောင်ရွက်ပေးထားသင့်ကြောင်းကိုလည်း အကြံပြုထားပါတယ်။
လင်းလက်လူမှုကူညီရေးအသင်းမှာရောက်ရှိနေတဲ့ အဘွားကို သိရှိပါက ရန်ကုန်မြို့၊ ဗိုလ်တထောင်သမ္ဗာန်ဆိပ်က လင်းလက်လူမှုကူညီရေးအသင်းထံ လာရောက်ဆက်သွယ်ခေါ်ယူနိုင်သလို အသင်းဖုန်း 09262239600 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
