၂၆.၁.၂၀၂၆
Written by Nay Yaung Lin
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဧရာ၀တီတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် ၂၅ မြို့နယ်၌ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ၉၆ ရာခိုင်နှုန်းခန့် အနိုင်ရလဒ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ ဇန်နဝါရီ ၂၆ ရက်တွင် သိရသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ သုံးပိုင်းစလုံးပြီးဆုံးချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးတစ်ခုလုံး၌ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ စုစုပေါင်း ၅၅ နေရာ အနိုင်ရလဒ်ထွက်ပေါ် ခဲ့ပြီး အမျိုးသားလွှတ်တော်(PR)နှင့် တိုင်းဒေသကြီးလွှတ်တော်(PR)များမှ အနိုင်ရကိုယ်စားလှယ်လောင်း အနည်းဆုံး ၁၆ ဦးခန့် ထွက်ပေါ်လာနိုင်ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ၊ ဧရာ၀တီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းထွန်းက “ကျွန်တော်တို့ ခြုံငုံပြီးကြည့်မယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော်နေရာက ၂၆ ယောက်မှာ ၂၅ ရောက်က ရပြီဖြစ်တယ်။ အမျိုးသားလွှတ်တော် (FPTP) ခြောက်ယောက်မှာလည်း ပြိုင်တဲ့သူ ခြောက်ယောက်စလုံးရတယ်။ တိုင်းဒေသကြီးလွှတ်တော်(FPTP) ၂၆ ယောက်မှာ ကျွန်တော်တို့ နှစ်ယောက်လျော့နည်းသွားတယ်။ ကြံခင်းနဲ့ ဝါးခယ်မကို ပေးလိုက်ရတယ်။ အားလုံးပေါင်းလိုက်ရင်တော့ ၅၅ ယောက်ရပါတယ်။ အမျိုးသားလွှတ်တော် PR တွေထွက်လာရင် PR လည်း အနည်းဆုံးတော့ တစ်ဝက်လောက်ရဖို့များတယ်။ တိုင်းဒေသကြီး PR မှာလည်း ကျွန်တော်တို့အပိုင်းက အနည်းဆုံး ၁၃ ယောက်လောက်ရနိုင်မယ် “ ဟု ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။






ဧရာ၀တီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိပြီး ယင်းမြို့နယ်များအနက် ကြံခင်းမြို့နယ်တွင် တိုင်းရင်းသားစည်လုံးညီညွှတ်ရေး(တစည)ပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သုံးနေရာစလုံးအနိုင်ရရှိခဲ့ပြီး ဝါးခယ်မမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်တစ်နေရာ အနိုင်ရရှိထားသည်။
“ ဧရာ၀တီတိုင်းဒေသကြီး ၂၆ မြို့နယ်မှာ လုံးလုံးလျားလျားနိုင်သွားတာတော့ အကုန်လုံးပေါင်း နိုင်သွားတာတော့ ပြည်သူလွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ တိုင်းဒေသကြီးရောကို ပြန်ပေါင်းလိုက်ရင် ၂၅ မြို့နယ် နိုင်တာပဲ။ လုံးလုံး ကျွန်တော်တို့ မရလိုက်တာက ကြံ့ခင်းမြို့နယ်တစ်ခုပဲ ပြည်သူ့ လွှတ်တော်နေရာရော၊ အမျိုးသားလွှတ်တော်နေရာရော၊ တိုင်းဒေသကြီးလွှတ်တော်နေရာရော ကျွန်တော်တို့ မရလိုက်ဘူး။ ဝါးခယ်မကြတော့ တိုင်းတစ်ယောက် ပေးလိုက်ရတယ်”ဟု ဦးသိန်းထွန်းက ဆက်လက်ပြောကြားသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ရွေးကောက်ပွဲကျင်းပရန်ကျန်မြို့နယ် ၉ ခုဖြစ်သည့် ရေကြည်၊ ငပုတော၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်း၊ ဇလွန်နှင့် လေးမျက်နှာမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR)များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထို့အတူ ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၊ ဧရာ၀တီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
