သက်တံ့
၂၆. ၁. ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်ခံရသူ ၅ ဦးရှိလာပြီး လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ကန့်သတ်ထားရှိရသည့် အခြေအနေကြောင့် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် အိန္ဒိယမှ လာရောက်သည့် ခရီးသည်များကို တနင်္ဂနွေနေ့မှစတင်ကာ လေဆိပ်များတွင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ်တို့တွင် အနောက်ဘင်္ဂလားပြည်နယ်မှ လာရောက်သူများကို အဓိကထား စစ်ဆေးနေခြင်းဖြစ်သည်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနသည် အန္တရာယ်ရှိဇုန်မှ လာရောက်သူများအတွက် “ကျန်းမာရေးသတိပေးကတ်” (Health Beware Card) များ ထုတ်ပေးထားပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် တက်ခြင်းခံစားနေရသော ခရီးသည်များအနေဖြင့် သတင်းပို့ရန် ညွှန်ကြားထားသည်။
အထူးသတိပြုရမည့်အချက်အဖြစ် ထိုင်းနိုင်ငံသို့ မရောက်မီ ၂၁ ရက်အတွင်း လင်းနို့များ၊ ဖျားနာနေသော တိရစ္ဆာန်များ သို့မဟုတ် ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့ပါက ဆရာဝန်အား အသေးစိတ် ပြောပြရမည်ဖြစ်သည်။

◾️ အိန္ဒိယ၊ ထိုင်းနှင့် နီပေါနိုင်ငံတို့၏ အခြေအနေ
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၏ မြို့တော် ကာလ်ကတ္တားမြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သူနာပြုနှစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦးတွင် နီပါးဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ယနေ့အထိ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးမျှ မတွေ့ရှိရသေးသော်လည်း အနောက်ဘင်္ဂလားပြည်နယ်မှ လာရောက်သည့် ခရီးသည်များ (ခရီးသွား သို့မဟုတ် စီးပွားရေးသမား) အားလုံးကို လေဆိပ်များ၌ အထူးကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Dr. Sophon Iamsirithavorn က အတည်ပြုပြောကြားခဲ့သည်။ ၎င်းစစ်ဆေးမှုများတွင် အနောက်ဘင်္ဂလားပြည်နယ်မှ လာရောက်သူများ (ခရီးသွား သို့မဟုတ် စီးပွားရေးသမား) အားလုံးကို ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် လိုအပ်သော အချက်အလက်များကို ရယူခြင်း၊ ကျန်းမာရေးသတိပေးကတ် (Health Warning Card) များ ထုတ်ပေးခြင်း၊ အဆိုပါစစ်ဆေးမှုများကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း နှင့် ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အထူးစောင့်ကြည့်ခြင်းနှင့် အကယ်၍ နေမကောင်းဖြစ်ပါက ကျန်းမာရေးဌာန၏ Hotline ၁၄၂၂ သို့ ဆက်သွယ်ရန် ညွှန်ကြားထားခြင်းတို့ ပါဝင်သည်။ လတ်တလောအချိန် သံသယရှိသူအချို့ကို စစ်ဆေးခဲ့ရာတွင်လည်း အားလုံး၏ ရလဒ်မှာ Negative (ပိုးမရှိ) ထွက်ခဲ့သည်ဟု သိရသည်။
အလားတူ နီပေါနိုင်ငံအစိုးရသည်လည်း အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးသတိပေးချက်ထုတ်ပြန်ကာ နယ်စပ်ဂိတ်များနှင့် လေဆိပ်များတွင် ကျန်းမာရေးစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

◾️ နီပါးဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ (၅) ချက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ နီပါးဗိုင်းရပ်စ်သည် ကာကွယ်ဆေး သို့မဟုတ် ကုသရန် ဆေးဝါးမရှိသေးဘဲ အလွန်အန္တရာယ်များသော ရောဂါပိုးအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ရောဂါပိုးနှင့် ပတ်သက်ပြီး သိမှတ်သင့်သည့်အချက်များမှာ –
၁။ ကူးစက်မှုပုံစံ: တိရစ္ဆာန် (အထူးသဖြင့် လင်းနို့ သို့မဟုတ် ဝက်) မှတစ်ဆင့် လူသို့ ကူးစက်နိုင်သလို၊ ပိုးရှိသော အစားအစာ သို့မဟုတ် လူအချင်းချင်း တိုက်ရိုက်ထိတွေ့ရာမှလည်း ကူးစက်နိုင်သည်။
၂။ ရောဂါလက္ခဏာ: လက္ခဏာမပြဘဲနေခြင်းမှသည် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် သေဆုံးနိုင်ခြေရှိသော ဦးနှောက်ရောင်ရောဂါအထိ ဖြစ်ပွားနိုင်သည်။
၃။ သေဆုံးမှုနှုန်း: နီပါးဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ထက် ကူးစက်မှုနှုန်း အဆ ၄၀ ခန့် နည်းပါးသော်လည်း ရောဂါပြင်းထန်မှု ပိုများပြီး သေဆုံးမှုနှုန်းမှာ ၄၀% မှ ၇၀% ကျော်အထိ ရှိနိုင်သည်။
၄။ သဘာဝရင်းမြစ်: ဤဗိုင်းရပ်စ်သည် Pteropodidae မျိုးရင်းဝင် သစ်သီးစားလင်းနို့ (Fruit Bats) များတွင် သဘာဝအလျောက် ရှိနေတတ်သည်။
၅။ သုတေသနလိုအပ်ချက်: နီပါးဗိုင်းရပ်စ်ကို WHO က ဦးစားပေး သုတေသနပြုရမည့် ရောဂါများစာရင်းတွင် ထည့်သွင်းထားပြီး ကာကွယ်ဆေးနှင့် ကုသဆေးများ အမြန်ဆုံးပေါ်ထွက်လာရန် လိုအပ်နေသည်။

◾️ ပြည်သူများအတွက် ရောဂါကာကွယ်ရေး အကြံပြုချက်များ
လင်းနို့များ ကျက်စားရာဒေသအနီး နေထိုင်သူများအနေဖြင့် အောက်ပါတို့ကို လိုက်နာရန် တိုက်တွန်းထားသည် –
၁။ သစ်သီးဝလံများ: လင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို မကောက်ယူ၊ မစားသုံးရ။ အသီးများကို သေချာစွာ ဆေးကြောပြီး အခွံခွာစားရမည်။
၂။ အစားအသောက်နှင့် ရေ: သန့်ရှင်းမှုကို ဂရုစိုက်ရမည်။ ရေအိုးများကို လုံခြုံစွာ ဖုံးအုပ်ထားရမည်။
၃။ မွေးမြူရေးတိရစ္ဆာန်: ဝက်များကို လင်းနို့ကျက်စားရာနေရာနှင့် ဝေးရာတွင် မွေးရမည်။ လင်းနို့ကိုက်ထားသော အသီးများကို ဝက်များကို မကျွေးရ။ တိရစ္ဆာန်များ (ခွေး၊ ကြောင် အပါအဝင်) အကြောင်းမဲ့ သေဆုံးပါက သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားရမည်။
၄။ ထိတွေ့ကိုင်တွယ်မှု: လင်းနို့အသေ သို့မဟုတ် အရှင်ကို လက်ဗလာဖြင့် မကိုင်ရ။ ကိုင်တွယ်ရန် လိုအပ်ပါက နှာခေါင်းစည်း (Mask) နှင့် လက်အိတ် စနစ်တကျ ဝတ်ဆင်ရမည်။
၅။ ရောဂါလက္ခဏာ: ပြင်းထန်စွာ ဖျားခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်ပါက ဆေးရုံသို့ ချက်ချင်းသွားရမည်။
Ref : The Nation , CGTN & Global Times
