နေမိုး
၂၆. ၁. ၂၀၂၆
ကျောက်ဆည် PDF အဖွဲ့ရဲ့ စခန်းမှူးက အဖွဲ့ဝင် PDF အမျိုးသမီးတစ်ဦးကို နှစ်ကြိမ်မုဒိမ်းကျင့်ပြီးနောက်မှာ သတ်ဖြတ်လိုက်သလို အလောင်းကိုလည်း အဝတ်ဗလာနဲ့ ဧရာဝတီမြစ်ထဲပစ်ချကာ ရေမျှောဖျောက်ဖျက်လိုက်တယ်လို့ TNLA ရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းအေဂျင်စီက ဒီနေ့ဖော်ပြလာပါတယ်။
ဖြစ်စဥ်ဟာ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ PDF ရဲဘော်တစ်ဦးနဲ့ ရဲမေ နှစ်ဦးတို့ဟာ အဖွဲ့မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် တခြားတော်လှန်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ထွက်ပြေးရာ ငါးဇွန်မြို့နယ် တိုက်နယ်အုပ်ကြီးတစ်ဦးက တရားဝင်ဖြစ်စေဖို့ ကျောက်ဆည်မြို့နယ် ပကဖကို ပြန်အပ်ခဲ့တာကြောင့် သူတို့သုံးဦးကို ကျောက်ဆည်မြို့နယ် ပကဖက ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ နှိပ်စက်ခံ PDF အမျိုးသမီးတစ်ဦးက ပြောတာကို ကိုးကားဖော်ပြထားပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက် ညနေ ၇ နာရီဝန်းကျင်မှာ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စခန်းမှူး အဏ္ဏဝါ(ခ) စောသက်နောင်ဆိုသူဟာ အဆိုပါ ထွက်ပြေးသွားတဲ့ ရဲမေထဲက ရဲမေဒေါင်းမလေးဆိုသူကို အလိုမတူပဲ အဓမ္မနှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ ရွှေဖီမြေကဖော်ပြထားပြီး “သုံးယောက်ပြန်ဖမ်းမိတာကိုမှ ယောကျ်ားလေးကိုကြတော့ ယောကျ်ားလေးအဆောင်ရဲ့ မြောက်ဘက်မှာ ထိပ်တုံးခတ်တယ်။ ညီမလေးကိုတော့ မိန်းကလေးအဆောင်ဘေးမှာ ကြိုးနဲ့ချည်ထားတယ်။ အဲဒီ သေသွားတဲ့ ရဲမေကိုကြတော့ သူ့တို့ယောကျ်ားလေး အဆောင်ရှေ့မှာပဲ ကြိုးချည်ထားတာ။ ခေါ်သွားတာက မနက်ဖြန် သတ်မယ်ဆို ဒီနေ့ညလိုမျိုး ခေါ်သွားတာ။ ညီမလေးတို့ မျက်မြင်တော့မရှိဘူးပေါ့။ သူကိုယ်တိုင်ပြောပြသွားတာ။ မသေခင်မနက်ခင်းမှာ။ သူ(ပြုကျင့်ခံရသူ)က အဲလိုမျိုး သူ့ကိုလုပ်တယ်ပေါ့။ ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့။ ပြောရင် သူတို့သတ်မှာလို့ပြောတာတဲ့”လို့ အသက်ရှင်ကျန်ရှိတဲ့ နှိပ်စက်ခံ PDF အမျိုးသမီးတစ်ဦးက ပြောတာကို ရွှေဖီမြေက ကိုးကားဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်ပြီး နောက်နေ့ အောက်တိုဘာ ၇ ရက် မနက်မှာ အဆိုပါ ရဲမေကို ကျောက်ဆည် PDF အဖွဲ့က ရဲဘော်မျိုးနိုင်ဦးနဲ့ ရဲဘော်ဝေကြီးတို့က လာရောက်ခေါ်ဆောင်သွားပြီးနောက် တစ်နာရီအကြာမှာတော့ အဝတ်အစားမပါတဲ့ ရဲမေရဲ့ ရုပ်အလောင်းကို ဧရာဝတီမြစ်ထဲမျှောပစ်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ ရဲမေ ဒေါင်းမလေးရဲ့ မိသားစုဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ NUG ထံ တိုင်ကြားထားပေမယ့် လက်ရှိအချိန်ထိ စစ်ဆေးအရေးယူမှုတွေ လုပ်ပေးတာမရှိဘူးလို့ ဖြစ်စဥ် သိရှိသူ ကျောက်ဆည်မြို့နယ် ပကဖမှ အမျိုးသားတစ်ဦးက ပြောကြောင်း၊ ကျောက်ဆည် PDF အဖွဲ့က စခန်းမှူးရဲ့ မုဒိမ်းကျင့်သတ်ဖြတ် အလောင်းဖျောက်ခံရသူ ရဲမေ ဒေါင်းမလေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ ကျောက်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ရွှေဖီမြေသတင်းဌာနဟာ မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ PDF ရဲဘော်ဒေါင်းမလေးရဲ့မျက်နှာကို ဖျက်ကာဖော်ပြခဲ့ပေမဲ့ ပုံရဲ့ ရေစာမှာ @tzs325 လို့ပါဝင်နေတာကြောင့် MT News က TikTok မှာ ရှာဖွေကြည့်ရာမှာ ကျောက်ဆည် PDF အဖွဲ့ရဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံ ရဲဘော်ဒေါင်းမလေးဟာ အသက်ပြည့်ဖွယ်မရှိသေးတဲ့ နုနယ်လှသူမိန်းမငယ်တစ်ဦးဖြစ်နေတာကို မူရင်း TikTok မှာ တွေ့မြင်ရပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ NUG ဩဇာခံ PDF တွေဟာ မုဒိမ်းကျင့်၊ လူသတ်၊ ပြန်ပေးဆွဲမှု ရာထောင်ချီကျူးလွန်ထားပေမဲ့ NUG က အရေးယူတာ မရှိသလောက် နည်းပါးပြီး လက်ချိုးရေလို့ရတဲ့အမှူတချို့ အရေးယူခဲ့ပေမဲ့လည်း ထိထိရောက်ရောက်မလုပ်ခဲ့ဘဲ စာပဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
