၂၅. ၁. ၂၀၂၆
Written by Nyein Kyaw
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ မဲပေးခြင်းသည် မြန်မာနိုင်ငံနှင့်သာသက်ဆိုင်ပြီး ၎င်းတို့ထောက်ခံသော ပုဂ္ဂိုလ်များပါရှိ၍သာ လာရောက်မဲပေးခြင်းဖြစ်၍ နိုင်ငံခြားက အသိအမှတ် ပြု/မပြုထက် ပြည်သူကမဲပေးခြင်းကိုသာ အသိအမှတ်ပြုကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်နှင့် ပုသိမ်ကြီးမြို့အတွင်းရှိ မဲရုံများအလိုက် လိုက်လံကြည့်ရှု့အားပေးမှုအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုများနှင့် ပတ်သက်ပြီး ယာယီသမ္မတက ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံက ကျွန်တော်တို့က နဂိုကတည်းက ပြည်သူကရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ရည်ရွယ်ပြီးလုပ်ခဲ့တာ။ ဒီအတိုင်းပဲ သွားရမှာပဲ။ ပြည်သူက ရွေးချယ်တဲ့လမ်းပဲ။ ကျွန်တော်တို့ ရွေးတာမဟုတ်ဘူး။ ပြည်သူကရွေးတဲ့လမ်း။ ကျွန်တော်တို့လည်း ပြည်သူထဲက အစိတ်အပိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဒီဟာထောက်ခံတယ်။ ပါတီစုံဒီမိုကရေစီစနစ်တိုင်းပဲ ကျွန်တော်တို့သွားမယ်။ အနာဂတ်မှာကျွန်တော်တို့သွားပါမယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ယင်းအပြင် “ပြည်သူက မြန်မာပြည်ထဲမှာနေတဲ့ ပြည်သူတွေ မဲပေးတာလေ။ သူတို့အပြင်ကလူတွေ မဲပေးတာမဟုတ်ဘူး။ မြန်မာပြည်ထဲမှာနေတဲ့ ပြည်သူမဲပေးတာ။ သူတို့ဘယ်သူပဲ ထောက်ခံထောက်ခံ ကြိုက်တာထောက်ခံလို့ရတယ်။ လာပေးတဲ့သူတွေက သူတို့ထောက်ခံချင်တဲ့သူတွေပါလို့ မဲလာပေးတာ။ သူတို့ထောက်ခံချင်တဲ့သူတွေသာမပါဘူးဆိုရင် သူတို့မဲလာပေးမှာမဟုတ်ဘူး။ မဲလာမပေးခြင်းမှာ နှစ်မျိုးရှိတယ်။ တစ်ပိုင်းကတော့ သူတို့ထောက်ခံချင်တဲ့သူတွေမပါလို့ မဲလာမပေးတာ။ တစ်ပိုင်းကတော့ သူတို့လုံခြုံမှုအရလာမပေးတာရှိတယ်။ လုံခြုံမှုဆိုတာ လာဖို့ပြုဖို့အခက်အခဲရှိလို့။ မဲပေးတဲ့သူတွေကကြတော့ သူတို့ထောက်ခံတဲ့သူတွေရှိလို့ လာမဲပေးတာပေါ့။ အဲဒီထဲမှာ ခင်ဗျားပြောတဲ့ ပြည်ခိုင်ဖြိုးပါတီလည်းပါတယ်။ တခြား PPP ပါတီလည်းပါတယ်။ ကျားဖြူပါတီလည်းပါတယ်။ အခြားပါတီစုံပါတယ်။ ဒါကြောင့်လည်း မဲပဲပေးတဲ့စာရင်းတွေ ကျွန်တော်တို့ ထုတ်ပြန်ပေးပါတယ်။ အဲဒါ သူတို့ လွတ်လွတ်လပ်လပ် မဲပေးတာပဲမဟုတ်လား။ ဒါကို နိုင်ငံခြားက အသိအမှတ်ပြု၊ မပြုတော့ ကျွန်တော်တို့ နားမလည်ဘူး။ ပြည်သူကမဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့အပြင် “သူတို့က (နောက်တက်လာမယ့်အစိုးရ)က တိုင်းပြည်ကောင်းအောင် လုပ်ရမှာပေါ့ဗျာ။ ဘယ်အစိုးရတက်တက် တိုင်းပြည်ကောင်းဖို့ပဲ။ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖော်ဆောင်ပေးဖို့၊ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ပေးဖို့၊ တိုင်းပြည်အေးချမ်းအောင်ဆောင်ရွက်ပေးဖို့၊ ကမ္ဘာနဲ့ရင်ပေါင် တန်းနိုင်အောင် လုပ်ပေးဖို့ အစိုးရတစ်ရပ်ကတာဝန်ရှိတာပေါ့။ ဒါကို ကျွန်တော်ရအောင် ကြိုးစားမှာ။ ပြည်သူကလည်း ပါဖို့လိုတယ်။ အစိုးရပဲဦးဆောင်လို့မရဘူး။ အစိုးရကတော့ ရည်မှန်းချက်ထားပြီးလုပ်မှာ။ သို့သော် ပြည်သူက မပါဘဲနဲ့မရဘူး။ ပြည်သူပါအောင်လည်း ကျွန်တော်တို့အစိုးရလုပ်ရမှာပေါ့။ ပြည်သူကလည်းပါဖို့လိုတယ်။ ကျွန်တော်တို့ ဒီမိုကရေစီသွားချင်တယ် တောင်းဆိုပေမဲ့လည်း ပြည်သူမပါဘဲနဲ့ ဘယ်လိုမှမဖြစ်ဘူး။ ပြည်သူပါမှဖြစ်မှာ။ ပြည်သူကအရေးကြီးပါတယ်”ဟု ဆက်လက် ပြောကြားခဲ့သလို “ပြည်သူတွေ တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့၊ အမြင်ကျယ်ဖို့ပေါ့ဗျာ။ ဒါတော့ပြောချင်တယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေမှန်ကို သိဖို့လိုတာပေါ့။ အခုမြန်မာနိုင်ငံကို လာတဲ့နိုင်ငံခြားက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေလာရင် သူတို့အပြင်မှာကြားတာနဲ့ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ အခြေအနေ တခြားစီပဲလို့ပြောတယ်။ လူတိုင်းနီးပါးအဲဒီအတိုင်းပြောတယ်။ ဆိုတော့ ကျွန်တော်တို့မှာ ကောလာဟလနဲ့ မီဒီယာကနေပြီးတော့ လုပ်နေတဲ့ဟာတွေ တိုင်းပြည်ကခံနေရတာပေါ့။ တကယ်တော့ ကျွန်တော်တို့မှာ အခွင့်အရေးတွေ အများကြီးရှိတယ်။ အဲဒီအခွင့်အရေးကို အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည် တိုးကိုတိုးတက်တယ်။ ကျွန်တော်ပြောရဲပါတယ်” ဟု ယာယီသမ္မတက ဆက်လက် ပြောကြားသည်။
