◾️ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော် ဆန္ဒမဲများပေးခဲ့ကြ၍ ရွေးကောက်ပွဲအောင်မြင်သည်ဟု ဆိုနိုင်ကြောင်းနှင့် အနိုင်ရရှိသည့်အစိုးရအဖွဲ့အား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးသွားမည်
၂၅. ၁. ၂၀၂၆
Written by Nyein Kyaw
မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များထံမှ အပြုသဘောဆောင်သည့် မှတ်ချက်များစွာကိုလည်း ရရှိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့ တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) နှင့် အပိုင်း(၂)အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အပိုင်း(၃)ကို ယနေ့တွင် ကျင်းပပြုလုပ်လျက်ရှိနေပြီဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တက်တက်ကြွကြွဖြင့် ဆန္ဒမဲများပေးနေသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း များစွာပါဝင်သည်ကို တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)တွင် ပျဉ်းမျှအားဖြင့် ပြည်သူလူထု ၅၅ ရာခိုင်နှုန်းခန့် ဆန္ဒမဲများပေးကြောင်းသိရသဖြင့် အောင်မြင်သည့်ရွေးကောက်ပွဲတစ်ခုဟု သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို တွေ့မြင်ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အသက် ၁၈ နှစ်ပြည့်ပြီးသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင် ပြည်သူများ၏ ရပိုင်ခွင့်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အချို့နိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်၌ ဆန္ဒမဲပေးသူနည်းပါးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့ကျင်းပနေသည့် ရွေးကောက်ပွဲတွင်လည်း ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်သည်ဟု ဆိုနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပအပြီး အနိုင်ရရှိသည့်အစိုးရအဖွဲ့အား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များလည်း လာရောက်လေ့လာခဲ့ကြကာ အပြုသဘောဆောင်သည့် မှတ်ချက်များစွာကိုလည်း ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မိမိတို့ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပါဝင်ထမ်းဆောင်ခဲ့ကြသူများ အားလုံးကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
