၂၅. ၁. ၂၀၂၆
MT News Editorial
မြန်မာ့နိုင်ငံရေးသမိုင်း၏ အလှည့်အပြောင်း အချိုးအကွေ့ကြီးတစ်ခုတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ခဲ့သော တစ်လကြာ ရွေးကောက်ပွဲခရီးစဉ်သည် ယနေ့တွင် အပိုင်း (၃) ကို အောင်မြင်စွာ ထုဆစ်အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ဤအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ တစ်ကျော့ပြန် ဒီမိုကရေစီ သမိုင်းသစ်ကို သွေးဖြင့်မဟုတ်ဘဲ ပြည်သူတို့၏ ဆန္ဒမဲလက်မှတ်များဖြင့် လှပစွာ ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။ မုန်တိုင်းထန်လှသော နိုင်ငံရေးရာသီဥတုနှင့် ရှုပ်ထွေးလှသော စိန်ခေါ်မှုများကြားမှ အထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းစလုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံသားတို့၏ တည်ငြိမ်အေးချမ်းမှုအပေါ် ငတ်မွတ်နေသော ဆန္ဒနှင့် ဒီမိုကရေစီစနစ်အပေါ် ထားရှိသည့် ခိုင်မာသော ယုံကြည်မှုကို ကမ္ဘာကို ထင်ဟပ်ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ယခုအခါ ပြည်သူတို့သည် ၎င်းတို့၏ တာဝန်ကို အပြည့်အဝ ကျေပွန်ခဲ့ကြပြီ ဖြစ်သဖြင့် အနိုင်ရပါတီနှင့် တက်လာမည့် အစိုးရသစ်၏ ပုခုံးပေါ်သို့ တိုင်းပြည်၏ ကံကြမ္မာသည် လေးလံသော သမိုင်းတာဝန်အဖြစ် သက်ရောက်လာခဲ့ပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လမ်းညွှန်ချက်များအရ ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သုံးရပ် စုံညီစွာ ပေါ်ထွက်လာတော့မည် ဖြစ်သည်။ ရွေးကောက်ပွဲ သုံးပိုင်းစလုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် မကြာမီ ပေါ်ထွက်လာတော့မည့် အစိုးရသည် တရားဝင်မှု (Legitimacy) အပြည့်အဝရှိသော အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်ကို ဦးဆောင်တော့မည်ဟူသော သတင်းကောင်းကိုလည်း ပေးနေပါသည်။ ရွေးကောက်ပွဲ ရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့ကိုယ်စားလှယ် အများစုဖြင့် အာဏာရပါတီအဖြစ် ထွက်ပေါ်လာတော့မည့် အခြေအနေတွင် အဆိုပါ ပါတီအနေဖြင့် ရရှိလာသော အခွင့်အာဏာကို ဂုဏ်ထူးဆောင်အဖြစ် မရှုမြင်ဘဲ “ပြည်သူ့အစေခံ” အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်ဟု နှလုံးသွင်း ခံယူသင့်ပေသည်။ ပြည်သူက ပေးအပ်လိုက်သော ယုံကြည်မှုသည် မိမိတို့အတွက် ရရှိလာသည့် ‘ခံစားခွင့်’ မဟုတ်ဘဲ တိုင်းပြည်၏ နာကျင်မှုများကို ကုစားပေးရန်နှင့် ပျက်စီးနေသော စီးပွားရေး အဆောက်အအုံကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် ပေးအပ်လိုက်သည့် ‘သမိုင်းပေးတာဝန်’ (Historical Mission) သာ ဖြစ်သည်။
ယနေ့ မြန်မာပြည်သူတို့ ရင်ဆိုင်နေရသော စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်း မတည်ငြိမ်မှုနှင့် စစ်မီးများ၏ ရိုက်ခတ်မှုတို့သည် တက်လာမည့် အစိုးရသစ်အတွက် ထိပ်တိုက်ရင်ဆိုင် ချေမှုန်းရမည့် အဓိက ရန်သူများ ဖြစ်သည်။ ထို့ကြောင့် အနိုင်ရပါတီသည် အုပ်ချုပ်ရေးအာဏာကို လက်ဝယ်ရရှိသည်နှင့်တစ်ပြိုင်နက် “ရက် ၁၀၀ လုပ်ငန်းစဉ်” ကို အပေါ်ယံဟန်ပြမဟုတ်ဘဲ ထိရောက်ပြတ်သားသော မဟာဗျူဟာများဖြင့် ချက်ချင်း စတင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲကာလက ပေးခဲ့သော ကတိကဝတ်များနှင့် ရွေးကောက်ပွဲကြေညာစာတမ်းပါ မူဝါဒများကို စာအုပ်ထဲတွင်သာ သိမ်းဆည်းထားရမည့်အစား လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် ယခုကတည်းက သေချာစွာ ပြင်ဆင်ရတော့မည် ဖြစ်သည်။ ပြည်သူတို့သည် အပြောထက် အလုပ်ကိုသာ စောင့်ကြည့်လိုကြတော့သည်ဖြစ်ရာ စားဝတ်နေရေး အဆင်ပြေချောမွေ့မှု၊ လုံခြုံစိတ်ချရသော လူမှုဘဝနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေမည့် အရှိန်အဟုန်တို့ကို အစိုးရသစ်က အမြန်ဆုံး ဖော်ဆောင်ပေးရန် လိုအပ်လှပေသည်။
တစ်ကျော့ပြန် နိုင်ငံတော်သစ်၏ အနာဂတ်သည် အစိုးရသစ်၏ အားထုတ်မှုအပေါ်တွင် လုံးဝ မူတည်နေပါသည်။ ပြည်သူက တာဝန်ကျေခဲ့ပြီ ဖြစ်သောကြောင့် အနိုင်ရပါတီသည် ယခင်ကထက် ပိုမိုအားထုတ်ရမည်၊ ပိုမိုစွန့်လွှတ်ရမည်၊ ပိုမိုလုပ်ဆောင်ပြရမည်ဖြစ်သည်။ တိုင်းပြည်ကို အမှောင်ထုထဲမှ ဆွဲထုတ်နိုင်ရန်မှာ အင်အားကြီးပါတီတစ်ရပ်၏ အမည်နာမထက် နိုင်ငံအပေါ် ထားရှိသော စေတနာနှင့် မှန်ကန်ပြတ်သားသော မူဝါဒများပေါ်တွင်သာ တည်မှီနေပါသည်။ အနိုင်ရပါတီအနေဖြင့် အတိတ်၏ အားနည်းချက်များကို သင်ခန်းစာယူကာ အနာဂတ်အတွက် ခိုင်မာသော ခြေလှမ်းများဖြင့် ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်လျက်၊ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးသော မြန်မာနိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းနိုင်ရေး အစွမ်းကုန် ကြိုးပမ်းအားထုတ်ပေးကြပါရန် MT News က လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
