သက်တံ့
၂၆. ၁. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ကျွန်းတစ်ကျွန်းအနီးတွင် ယနေ့ (တနင်္လာနေ့) နံနက်အစောပိုင်းက လူပေါင်း ၃၅၀ ကျော် လိုက်ပါလာသည့် ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး ခရီးသည် ၃၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၅ ဦး၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကျွန်းပတ်ခရီးသည်တင်နှင့် ကုန်တင်သင်္ဘောဖြစ်သော M/V Trisha Kerstin 3 သည် ဇမ်ဘိုအန်ဂါဆိပ်ကမ်းမြို့မှ ဆူးလူးပြည်နယ်ရှိ ဂျိုလိုကျွန်းသို့ ခရီးသည် ၃၃၂ ဦး၊ သင်္ဘောသား ၂၇ ဦးတို့နှင့်အတူ ထွက်ခွာလာစဉ် သန်းခေါင်ယံအချိန်၌ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပွားကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။




◾ ကယ်ဆယ်ရေးလုပ်ငန်းများ
သင်္ဘောသည် ဘာစီလန်ပြည်နယ်၊ ဘာလပ်-ဘာလပ် (Baluk-baluk) ကျွန်းရွာနှင့် တစ်မိုင်ခန့် (၂ ကီလိုမီတာခန့်) အကွာတွင် ဇန်နဝါရီ ၂၆ ရက်ကူးစ ညသန်းခေါင် ၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ကမ်းခြေစောင့်တပ်ဖွဲ့မှ တပ်မှူး ရိုမယ်လ် ဒူအာ (Romel Dua) က ဖြစ်စဥ်အပေါ် ”သင်္ဘောပေါ်မှာ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဘေးကင်းလုံခြုံရေးအရာရှိ တစ်ဦးပါရှိပြီး သူကပဲ ကျွန်တော်တို့ဆီကို အရင်ဆုံး ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ အဲဒီနောက်မှာ ကယ်ဆယ်ရေးသင်္ဘောတွေကို ချက်ချင်း စေလွှတ်ခဲ့ပါတယ်။ အဲဒီအရာရှိလည်း အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်”ဟု ပြောကြားသည်။
လက်ရှိတွင် ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်သင်္ဘောများ၊ ကင်းထောက်လေယာဉ်၊ လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စီးနှင့် ငါးဖမ်းလှေများစွာတို့ဖြင့် ဘာစီလန်ကျွန်းအနီးတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။




◾ ထိခိုက်သေဆုံးမှု အခြေအနေ
ဘာစီလန်ပြည်နယ်အုပ်ချုပ်ရေးမှူး မူဂျစ် ဟာတာမန် (Mujiv Hataman) ၏ ပြောကြားချက်အရ အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို ပြည်နယ်မြို့တော် အစ္စဘယ်လာ (Isabela) ဆိပ်ကမ်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“အခု ဆိပ်ကမ်းမှာ လူ ၃၇ ဦးကို လက်ခံရရှိထားပါတယ်။ စိတ်မကောင်းစရာကတော့ အဲဒီထဲမှာ နှစ်ယောက်က သေဆုံးသွားပါပြီ” ဟု ၎င်းက ဆိုသည်။
နောက်ဆုံးရရှိသော စာရင်းများအရ လိုက်ပါသွားသူ ၃၅၉ ဦးအနက် ၃၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးငယ်သုံးဦးခန့်အပါအဝင် ရုပ်အလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်သည်။
◾ စုံစမ်းစစ်ဆေးမှု
သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဇမ်ဘိုအန်ဂါဆိပ်ကမ်းမှ ထွက်ခွာစဉ်က စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကန့်သတ်ခရီးသည်ထက် ပိုတင်ဆောင်ထားသည့် လက္ခဏာမျိုး မတွေ့ရကြောင်း တပ်မှူး ဒူအာက ဖြည့်စွက်ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံတွင် မကြာခဏ မုန်တိုင်းတိုက်ခတ်ခြင်း၊ သင်္ဘောများ ကြံ့ခိုင်မှုအားနည်းခြင်း၊ ခရီးသည်အဆမတန် တင်ဆောင်ခြင်းနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို လိုက်နာမှုအားနည်းခြင်းတို့ကြောင့် ရေကြောင်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၁၉၈၇ ခုနှစ် ဒီဇင်ဘာလအတွင်းက Dona Paz ကူးတို့သင်္ဘောနှင့် ဆီတင်သင်္ဘောတစ်စီး တိုက်မိခဲ့ရာ လူပေါင်း ၄,၃၀၀ ကျော် သေဆုံးခဲ့ပြီး ယင်းသည် ကမ္ဘာ့သမိုင်းတွင် စစ်မဖြစ်ပွားချိန်၌ အဆိုးရွားဆုံးသော ရေကြောင်းဘေးအန္တရာယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Ref: CNN , Photo – Ely Dumaboc
