၂၆.၁.၂၀၂၆
Written by Linn Eain
နယ်သာလန်နိုင်ငံရှိ ICJ တရားရုံးတွင် သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်၌ ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ် ၂ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ အရှင်ဉာဏဓမ္မက ဇန်နဝါရီ ၂၆ ရက်တွင် မိန့်သည်။
ထို့ပြင် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကိုပါ တစ်ပါတည်းပြုလုပ်မည်ဖြစ်ပြီး ထောက်ခံပွဲများပြုလုပ်ရာတွင် လိုက်နာကြရမည့်အချက်များနှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အရှင်ဉာဏဓမ္မက “မနက်ဖြန်လုပ်မဲ့ ပွဲက မပျက်ပါဘူး ဦးဇင်းတို့ ဒီတိုင်းပဲဆက်လုပ်သွားပါမယ်။ ခွင့်ပြုချက်လည်း ရပါပြီ။ ကိုယ့်နိုင်ငံအတွက် သွားရောက်ပြီးတော့ တရားမျှတမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနေတဲ့ ဦးကိုကိုလှိုင်တို့ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဇင်းတို့အနေနဲ့ အနောက်ကနေ အားပေးထောက်ခံနေတာဖြစ်ပါတယ်။ စီတန်းလှည့်လည်တာမရှိဘူး။ စုဝေးဟောပြောတာဖြစ်ပါတယ်။ ထုတ်ပြန်ထားတာနဲ့အညီ ဟောပြောပွဲလုပ်သွားမှာဖြစ်ပါတယ်” ဟု မိန့်ကြားခဲ့သည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံဂုဏ်ပြုပွဲနှင့် ဟောပြောပွဲတွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်မှ) အရှင်ဉာဏဓမ္မ၊ အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)မှ ဦးဝင်းကိုကိုလတ်၊ ဦးထိန်းလင်းတို့က ဟောပြောမည်ဖြစ်ပြီး လူဦးရေ အင်အား ၁၀၀၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့် အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာ အသီးသီးတွင် ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း လိုက်နာကြရမည့် အချက်များကို အထူးသတိပြုကြရန် ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါအချက်များမှာ (၁) ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုတ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြရန်၊ (၂) လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ (၃) တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အား သုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြရန်၊ (၄) Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေ အထောက်အထားခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြရန်တို့ဖြစ်ကြောင်း သတင်းအဖွဲ့က ထုတ်ပြန်ထားသည်။





