၂၆.၁.၂၀၂၆
Written by Nay Yaung Lin
လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဒုတိယရလဒ်သာရရှိခဲ့ပြီး ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ကြောင်း ပြည်သူ့ပါတီ(ဗဟို)မှ သိရသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပခဲ့ပြီး လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အပါအဝင် ရန်ကုန်တိုင်းမှ မြို့နယ် ၁၇ ခု အပိုင်း(၃)တွင် ပါဝင်ခဲ့သည်။

ပြည်သူ့ပါတီ(ဗဟို)၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက “မဲစာရင်းရလဒ်တွေကတော့ အခုမှ သွားနေကြတုန်းပါ။ ပါတီဥက္ကဋ္ဌကတော့ လမ်းမတော်မှာ ဒုတိယနေရာပဲ ရခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
လမ်းမတော်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရန်မျိုးအောင်သိန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် လမ်းမတော်မြို့နယ်တွင် မဲရုံစုစုပေါင်း ၂၂ ရုံရှိပြီး မဲဆန္ဒရှင် ၂၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်သူ့ပါတီမှ ဦးကိုကိုကြီး၊ တိုင်ရင်းသားစည်လုံးညီညွတ်ရေးပါတီမှ ဦးဇော်မျိုးလင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးမင်းယုဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရန်မျိုးအောင်သိန်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


