ဓာတ်ပုံ- လင်းဓနမွန် FB
၂၆.၁.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ အစိုးရဆေးရုံ ၆၇ ရုံတွင် နိုင်ငံဝန်ထမ်းများအတွက် အထူးခုတင်နေရာ (Government Staffs Priority Corner) သတ်မှတ်လိုက်ပြီး ရာထူးအနိမ့်အမြင့်မရွေး တက်ရောက်ကုသနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဇန်နဝါရီ ၂၆ ရက်တွင် သိရသည်။
ထိုသို့ နိုင်ငံဝန်ထမ်းများအတွက် အထူးခုတင်နေရာ (Government Staffs Priority Corner)တွင် တက်ရောက်ကုသနိုင်မှုကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ဆေးဝါးနှင့် စမ်းသပ်မှုများမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အဲဒီအအစီအစဉ်က ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ပါမယ်။ ဆရာတို့ ရန်ကုန်တိုင်းကုသရေးဦးစီးဌာနအောက်မှာရှိတဲ့ ဆေးရုံ ၆၇ ရုံမှာ စမယ်။ ဆေးရုံတိုင်းက အခမဲ့ပါ။ အစိုးရဝန်ထမ်းတွေအတွက် Priority Seat ပေါ့။ အထူးခန်းသတ်မှတ်ပေးထားတယ်။ အခန်းရရင်လည်း ရမယ်။ မရရင်လည်း အကောင်းဆုံးခုတင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လုပ်ပေးတာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယခုအစီအစဉ်တွင် လက်ရှိနိုင်ငံဝန်ထမ်းများသာ ပါဝင်နိုင်မည်ဟုတ်သိရပြီး နောက်ပိုင်းတွင် အခြားအစီအစဉ်များလည်း ပါဝင်လာနိုင်ကြောင်း သိရသည်။
“လက်တလောကတော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက်ကို Priority Seat စီစဉ်ပေးထားတယ်။ နေထိုင်မကောင်းဖြစ်ရင် သူတို့အတွက် ဆေးရုံတွေမှာ အထူးနေရာလေးတစ်ခု ရရှိပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ကုသရာတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ဆေးဝါးများနှင့် စမ်းသပ်မှုများအတွက် အခမဲ့နှင့် မလုံလောက်ပါက ပြင်ပမှဝယ်ယူသုံးဆွဲရလျှင်လည်း ငွေစာရင်းခေါင်းစဉ် ၀၃ ၁၆ ဖြင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။





