၂၅.၁.၂၀၂၆.
Translated by Htwe Ko Tun
အီရန်အစိုးရက နိုင်ငံအတွင်း ဆန္ဒပြမှုတွေအတွက် ဇန်နဝါရီလဆန်းပိုင်းက ဆန္ဒပြပြည်သူတွေသေဆုံးကြ တဲ့အထိ ရက်စက်စွာ နှိမ်နင်းခဲ့တဲ့ကြောင့် တင်းမာမှုတွေ မြင့်တက်လာပြီး အမေရိကန်တပ်ဖွဲ့တွေက အီရန်ကို ဝင်ရောက် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြင်ဆင် ပြင်ဆင်လာချိန်မှာ နိုင်ငံရဲ့ အထွတ်အထိပ် ခေါင်းဆောင် အလီ ခါမေနီဟာ တီဟီရန်ရှိ ဘန်ကာတစ်ခုမှာ ပုန်းအောင်းနေခဲ့တယ်လို့ အတိုက်အခံတွေနဲ့ ဆက်စပ်နေတဲ့ Iran International သတင်းဝက်ဘ်ဆိုက်ရဲ့ အဆိုအရ သိရပါတယ်။
အတိုက်အခံသတင်းဝက်ဘ်ဆိုက်က ရရှိတဲ့ အချက်အလက်ကို ကိုးကားဖော်ပြထားတဲ့ သတင်းအရ အမေရိကန်က ဒေသတွင်းကို သိသာထင်ရှားတဲ့ စစ်ဘက်တပ်ဖွဲ့တွေ ရွှေ့ပြောင်းနေချိန်မှာ အကြီးတန်း အရာရှိတွေက အမေရိကန်ရဲ့အီရန်ကို တိုက်ခိုက်မှုဖြစ်နိုင်ခြေ မြင့်တက်လာတယ်လို့ အကဲဖြတ်ကြပြီးနောက် ခါမေနီဟာ မြေအောက်ဘန်ကာကို ဆင်းပြီးပုန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။
အထွတ်အထိပ်ခေါင်းဆောင်ရဲ့ မြေအောက်ဘန်ကာကို ခိုင်ခံ့အောင်ပြုလုပ်ထားပြီး အပြန်အလှန်ချိတ်ဆက်ထားတဲ့ဥမင်လိုဏ်ခေါင်းတွေစနစ်တစ်ခု ပါဝင်တယ်လို့ သတင်းက ထပ်လောင်းဖော်ပြထားပါတယ်။
အလီ ခါမေနီက မြေအောက်ဘန်ကာအတွင်း ပုန်းအောင်းနေချိန်မှာ သူ့ရဲ့ တတိယမြောက်သား ဖြစ်တဲ့ မာဆွတ် ခါမေနီဟာ သူ့ဖခင်ရဲ့ရုံးမှာ နေ့စဉ်လုပ်ငန်းဆောင်တာများကို တာဝန်ယူခဲ့ပြီး အစိုးရခေါင်းဆောင်တွေနဲ့ ဆက်သွယ်ရေးအတွက် အဓိကလမ်းကြောင်းအဖြစ် ဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
Ref- Times of Israel
