သက်တံ့
၂၅. ၁. ၂၀၂၆
မြန်မာနိုင်ငံအတွင်းရှိ သံသယဖြစ်ဖွယ် အလုပ်အကိုင် ကမ်းလှမ်းချက်များကို လက်မခံကြရန် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးက ဖိလစ်ပိုင်နိုင်ငံသားများကို သတိပေးနှိုးဆော်လိုက်သည်။
ပြီးခဲ့သည့် စနေနေ့က ထုတ်ပြန်ခဲ့သော သံရုံး၏ အကြံပြုချက်တွင် “အရှေ့တောင်အာရှတိုက်မကြီးအတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Hubs) များနှင့် ဆက်နွှယ်နေပြီး လူကုန်ကူးမှုဆီသို့ ဦးတည်သွားစေနိုင်သည့် လိမ်လည်လှည့်ဖြားသော လူသစ်စုဆောင်းမှု အစီအစဉ်များ” ကို သတိထားကြရန် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံသား အများအပြားသည် အဆိုပါ လှည့်ဖြားမှုများ၏ သားကောင်ဖြစ်ခဲ့ကြရပြီးဖြစ်ကြောင်း၊ ထိုသို့ လိမ်လည်ခံရမှုများကြောင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း၊ ထိန်းသိမ်းချုပ်နှောင်ခံရခြင်းနှင့် အခြားသော ဆိုးရွားသည့် နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်နေရသည်ဟုလည်း သံရုံးက သတိပေးသည်။
ပြည်ပတွင် အလုပ်အကိုင် ရှာဖွေလိုသော ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံမှ မထွက်ခွာမီ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ဝန်ကြီးဌာန (Department of Migrant Workers) မှ စနစ်တကျ စိစစ်အတည်ပြုထားသည့် တရားဝင်အလုပ်အကိုင် ကမ်းလှမ်းချက်များကိုသာ လက်ခံကြရန်လည်း တိုက်တွန်းထားသည်။
“ခိုင်လုံသော အထောက်အထားစာရွက်စာတမ်း မရှိခြင်း၊ ဗီဇာသက်တမ်းကျော် နေထိုင်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေခြင်းတို့ တွေ့ရှိရသည့် နိုင်ငံခြားသားများသည် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းနှင့် ပြည်နှင်ဒဏ်ပေးခံရခြင်းတို့ ကြုံတွေ့ရနိုင်သည်” ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၏ သတိပေးချက်တွင် ထပ်လောင်းဖော်ပြထားသည်။
Ref : Manilar Times
