



၂၅.၁.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်း၊ အနောက်ဘန်ဒေါင်းဒေသတွင် ရွာများအတွင်းသို့ ဇန်နဝါရီလ ၂၄ ရက်က မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားကယ်ဆယ်ရေးသမားများသည် ပြင်းထန်သောရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ညလုံးရပ်ဆိုင်းထားရပြီးနောက် ဇန်နဝါရီ ၂၅ ရက်တွင်မူ မြေပြိုမှုတွင် ပျောက်ဆုံးနေသူ ၈၀ ခန့်ကို ရှာဖွေမှုများအား ပြန်လည်စတင်နိုင်ခဲ့ကြသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုက ဇန်နဝါရီလ ၂၄ ရက် နံနက်အစောပိုင်းတွင် ဂျာဗားပြည်နယ်၊ အနောက်ဘန်ဒေါင်းဒေသရှိ လူနေအိမ်များကို ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။
မြေပြိုမှုတွင် အနည်းဆုံး လူ ၁၁ ဦးသေဆုံးပြီး ၈၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရွှံ့၊ ကျောက်တုံးများနှင့် အမြစ်မှ ကျွတ်ထွက်နေသော သစ်ပင်များအောက်တွင် အများအပြား နစ်မြုပ်နေဖွယ်ရှိသည်ဟု စိုးရိမ်လျက်ရှိကြသည်။
မြေပြိုမှုဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သော ဒေသခံ ၂၃၀ ခန့်ကို အစိုးရ၏ ယာယီခိုလှုံရာ နေရာ များသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ကယ်ဆယ်ရေးလုပ်သားများက ဇန်နဝါရီလ ၂၅ ရက် နံနက်တွင် အလောင်းနှစ်လောင်းကို ထပ်မံတူးဖော်တွေ့ရှိခဲ့ရာ သေဆုံးသူဦးရေ ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးရုံးမှ ပါမားနားက ပြောကြားခဲ့သည်။
Basarnas ဟုလူသိများသော နိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီမှ ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ဗီဒီယိုများ၌ ကယ်ဆယ်ရေးသမားများသည် လယ်ယာသုံးကိရိယာများနှင့် လက်ဗလာများကို အသုံးပြု၍ ရွှံ့နွံများဖုံးလွှမ်းနေသော အလောင်းတစ်လောင်းကို မြေပြင်မှ ဆွဲထုတ်ပြီး လိမ္မော်ရောင်အိတ်ထဲတွင် ထည့်ကာ မြှုပ်နှံရန်အတွက် သယ်ဆောင်သွားသည်ကို ပြသခဲ့သည်။
မြေပြင်သည် အလွန်ပျော့ပျောင်းပြီး မတည်ငြိမ်သောကြောင့် ကြီးမားသော စက်ယန္တရားများနှင့် မြေ တူးဖော်စက်များကို ရှာဖွေရေးလုပ်ငန်းများတွင် အများအားဖြင့် မသုံးနိုင်ဘဲ အချည်းနှီး ဖြစ်နေကြရသည်။
ပါမားနားက တောင်စောင်းမတည်ငြိမ်ပါက အဖွဲ့သားများအနေဖြင့် ရှာဖွေရေးလုပ်ငန်းများကို လက်ဖြင့် ဆက်လက်လုပ်ဆောင်ရန် အသင့်ပြင်ဆင်ထားရကြောင်းပြောခဲ့ပြီး ရွှံ့နွံများ၏ အမြင့်သည် ၅ မီတာ အထိ ရှိနိုင်သည်ဟုလည်း ခန့်မှန်းပြောကြားခဲ့သည်။
အချို့အိမ်များဆိုလျှင် အမိုးအကာအဆင့်အထိ မြေကြီးအောက်တွင် နစ်မြုပ်နေခဲ့ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အင်ဒိုနီးရှားဒုတိယသမ္မတ ဂီဘရ် ရာကာဘူမင် ရာကာ က ဇန်နဝါရီလ ၂၅ ရက်၌ ထိုဒေသသို့ သွားရောက်စစ်ဆေးစဉ် အာဏာပိုင်များသည် အလားတူဘေးအန္တရာယ်များကို ကာကွယ်ရန် အစီအမံများ ချမှတ်မည်ဟု ကတိပြုခဲ့သည်။ အနောက်ဂျာဗားနှင့် အနောက်ဘန်ဒေါင်းရှိ ဒေသန္တရ အာဏာပိုင်များအား အန္တရာယ်ရှိမှု နည်းလမ်းများအပါအဝင် ဘေးအန္တရာယ်ကျရောက်လေ့ရှိသော ဒေသများတွင် မြေယာပြောင်းလဲမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။
Ref- CNA
