






၂၅. ၁. ၂၀၂၆
Written by Thiri
မန္တလေး – ပြင်ဦးလွင်လမ်းပိုင်းမှာ Elite Express ခရီးသည်တင်ယာဉ်တစ်စီး ဒီမနက် တိမ်းမှောက်ခဲ့ရာမှာ ယာဥ်ပေါ်ပါ ခရီးသည် ၁၂ ဦး ထိခိုက်ကျိုးပဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၇ နာရီခန့်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်အတက်လမ်းမှာ Elite ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ လူ ၂၂ ဦးအနက် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ မြေပြင်အကူအညီရောက်ရှိကယ်ဆယ်သူတွေကတော့ ခရီးသည် ၁၂ ဦး ထိခိုက်ကျိုးပဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။
ကူညီပေးခဲ့သူတွေ လူမှုကွန်ရက်မှာ ဖော်ပြမှုအရ EliteExpress ယာဥ်ဟာ ဘေးတိုက် လဲကျသွားခဲ့တာကိုမြင်ရပြီး ကွဲသွားတဲ့ ရှေ့မှန်နဲ့ ခေါင်မိုးပေါက်ကနေ ခရီးသည်တွေကို ကယ်ထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ လမ်းပေါ်မှာ မိုးမရွာ၊ နှင်းမကျဘဲ ရေတွေ စိုနေတာကြောင့် စလစ်ဖြစ်တိမ်းမှောက်ရတာဖြစ်ကြောင်းနဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွင်း လူသေဆုံးမှု မရှိခဲ့ပေမယ့် အမျိုးသမီးကြီးတစ်ဦး တင်ပဆုံအရိုးကျိုးဒဏ်ရာရခဲ့ကာ လူမှုကူညီရေးအသင်းကယာဉ်တွေနဲ့ လူနာ ၁၂ ဦးကို မန္တလေးဆေးရုံဆီ ပို့ဆောင်ပေးရပြီး တချို့သူတွေမှာလည်း ဖူးယောင်ပေါက်ပြဲဒဏ်ရာတွေရရှိပေမယ့် ရရာကားနဲ့ ပြင်ဦးလွင်ဆက်တက်သွားကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ Photo – Credit
