သက်တံ့
၂၅. ၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့တွင် စနေနေ့ (ဇန်နဝါရီ ၂၄ ရက်) က ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အေးဂျင့်များ (ICE) ၏ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ရပြန်သည်။
ယခုဖြစ်စဉ်သည် တစ်လအတွင်း ဒုတိယမြောက် သေဆုံးမှုဖြစ်ပြီး ဒေသခံခေါင်းဆောင်များက ထရမ့်ပ်အစိုးရအနေဖြင့် မြို့အတွင်းရှိ စစ်ဆင်ရေးများကို ရပ်တန့်ရန် ပြင်းထန်စွာ တောင်းဆိုလိုက်ကြသည်။
ဖြစ်စဉ်မှာ နှင်းများဖုံးလွှမ်းနေသည့် လမ်းမပေါ်တွင် ဖက်ဒရယ်အေးဂျင့်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် အသက် ၃၇ နှစ်အရွယ် အထူးကြပ်မတ်ကုသဆောင် (ICU) သူနာပြုတစ်ဦးဖြစ်သူ အဲလက်စ် ပရက်တီ (Alex Pretti) ကို အေးဂျင့်များက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော သုံးပတ်ခန့်ကလည်း အသက် ၃၇ နှစ်အရွယ် မစ္စရီနီးဂွတ်ဒ် (Ms.Renee Good) အား ၎င်း၏ကားအတွင်း၌ပင် လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ပစ်သတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။
ထရမ့်ပ်အစိုးရကမူ ယခင်ဖြစ်စဉ်များကဲ့သို့ပင် ပရက်တီသည် ဖက်ဒရယ်အေးဂျင့်များကို ရန်ပြုရန် ရည်ရွယ်ချက်ရှိခဲ့သည်ဟု ချက်ချင်းဆိုသလို တုံ့ပြန်ပြောကြားခဲ့သည်။ ပရက်တီ၏ ကိုယ်ပေါ်တွင် ပစ္စတိုတစ်လက်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က ဆိုသည်။
အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီးနုမ်း (Kristi Noem) က ပရက်တီသည် အကြမ်းဖက်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သလို၊ အိမ်ဖြူတော် ဒုတိယအရာရှိချုပ် စတီဖင် မေလာ (Stephen Miller) ကလည်း ၎င်းကို “လုပ်ကြံသတ်ဖြတ်သူ” ဟု သုံးနှုန်းခဲ့သည်။ ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း အဆိုပါပြောဆိုချက်ကို X လူမှုကွန်ရက်တွင် ထပ်ဆင့်မျှဝေခဲ့သည်။
သို့သော်လည်း အခင်းဖြစ်ပွားရာနေရာရှိ လက်ကိုင်ဖုန်းဗီဒီယိုမှတ်တမ်းများအရ အစိုးရ၏ ထုတ်ပြန်ချက်အပေါ် သံသယများ မြင့်တက်လာခဲ့သည်။ ဗီဒီယိုတွင် ပရက်တီသည် လမ်းပေါ်တွင် အေးဂျင့်များကို ဗီဒီယိုရိုက်ကူးနေပြီး ယာဉ်ကြောထိန်းသိမ်းပေးနေသည်ကို တွေ့ရသည်။ အေးဂျင့်တစ်ဦးက အမျိုးသမီးဆန္ဒပြသူတစ်ဦးကို တွန်းလှဲလိုက်စဉ် ပရက်တီက ကြားဝင်ဖြန်ဖြေရာ၌ မျက်နှာကို ဓာတုဖြန်းဆေးဖြင့် အပက်ခံရပြီးနောက် အရာရှိများက ၎င်းကို မြေပြင်ပေါ်သို့ ဆွဲလှဲကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြသည်။

ICE အရာရှိ ခုနစ်ဦးခန့်က ပရက်တီကို မြေပြင်ပေါ်တွင် လှဲချ ဖမ်းဆီးရန် ကြိုးပမ်းစဉ် အရာရှိတစ်ဦးက ပရက်တီ၏ ဘောင်းဘီအတွင်း၌ သေနတ်တစ်လက်ရှိနေသည်ကို တွေ့ရှိသွားပြီး ၎င်းကပင် သေနတ်ကို ဆွဲထုတ်ယူလိုက်ခြင်း ဖြစ်သည်။ ထိုသို့ အရာရှိက ပရက်တီ့ထံမှ သေနတ်ကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သေနတ်ကို မြင်လိုက်ရသော ကျန်ရှိသည့် အေးဂျင့်များက ပရက်တီ့ကို မသေမချင်း ဝိုင်းဝန်းပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။
မင်နီဆိုတာပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့စ် (Tim Walz) က ဤပစ်ခတ်မှုကို “တုန်လှုပ်ဖွယ်ရာ” ဟု ခေါ်ဆိုခဲ့ပြီး ပြည်နယ်အာဏာပိုင်များကသာ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်မည်ဟု ကြေညာခဲ့သည်။ “ဖက်ဒရယ်အစိုးရကို ဒီစုံစမ်းစစ်ဆေးမှုမှာ ယုံကြည်လို့မရဘူး။ ပြည်နယ်အစိုးရကပဲ ကိုင်တွယ်မယ်” ဟု ၎င်းက အတိအလင်း ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကမူ အုပ်ချုပ်ရေးမှူး ဝေါ့စ်နှင့် မြို့တော်ဝန် ဂျေကော့ဖရေး (Jacob Frey) တို့ကို “ပုန်ကန်ရန် သွေးထိုးလှုံ့ဆော်နေသူများ” ဟု စွပ်စွဲကာ တိုက်ခိုက်ခဲ့သည်။ ထရမ့်ပ်သည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရန် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူဝင်မှုကြီးကြပ်ရေးအေးဂျင့် (ICE) ထောင်ပေါင်းများစွာကို မင်နီယာပိုလစ်မြို့သို့ စေလွှတ်ထားခြင်းဖြစ်သည်။

သေဆုံးသူ ပရက်တီသည် ပြစ်မှုမှတ်တမ်းမရှိဘဲ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပါမစ်ရှိသူဖြစ်ကြောင်း ရဲချုပ် ဘရိုင်ယန် အိုဟာရာက ပြောကြားခဲ့သည်။ ထို့ကြောင့် လက်နက်ကိုင်ဆောင်ခွင့်ကို ထောက်ခံသည့် အဖွဲ့အစည်းများ (ဥပမာ- Gun Owners of America) ကပင် ထရမ့်ပ်အစိုးရ၏ လုပ်ရပ်အပေါ် စိုးရိမ်ပူပန်မှုများ ရှိလာခဲ့သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်အရ အမေရိကန်နိုင်ငံသားတွေဟာ ဆန္ဒပြနေချိန်မှာ လက်နက်ကိုင်ဆောင်ခွင့်ရှိတယ်” ဟု ၎င်းတို့က ထုတ်ပြန်ခဲ့သည်။
လတ်တလောတွင် မင်နီယာပိုလစ်မြို့၌ အေးခဲနေသည့် ရာသီဥတုကြားမှပင် ရာနှင့်ချီသော ဆန္ဒပြသူများသည် ပန်းခြံအတွင်း စုဝေးကာ အစိုးရ၏ စစ်ဆင်ရေးများကို ကန့်ကွက်နေကြပြီး အခြေအနေများမှာ ဆက်လက်တင်းမာနေဆဲဖြစ်သည်။
Ref : AFP
